အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

စက်ရုံအပြန် ကြေးပိုက်ခိုးသယ်သည့် မြန်မာအလုပ်သမားတစ်ဦး ဝိုင်းဝင်းထိုးကြိတ်ခံရ

အောက်တိုဘာ ၁၅ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ချွန်ပူလီခရိုင်၊နာဟုန်ရင်ရပ်ကွက်ရှိ ကြေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁ ဦးသည် ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်)ညနေအလုပ်ဆင်းချိန်၌ ကြေးပိုက်များကို လွယ်အိတ်တွင် ခိုးထည့်ယူလာခဲ့ပြီး စက်ရုံဂိတ်စောင့် လုံခြုံရေးက တွေ့ရှိကာ ထိုးကြိတ်ခဲ့သည်။

မြန်မာအလုပ်သမားအား စက်ရုံလုံခြုံရေးက ထိုးကြိတ်နေချိန်တွင် စက်ရုံမှ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးက လာရောက်ကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသည့် WAG အဖွဲ့ကထုတ်ပြန်သည်။

ထို့ပြင် ထိုးကြိတ်ပြီးနောက်တွင် မြန်မာအလုပ်သမား ကိုဇော်မိုးအား သံကြိုးနှင့် တုတ်ထားပြီး သံတုံးများကို လည်ပင်းတွင် ဆွဲထားခဲ့ကြောင်း၊ ကိုဇော်မိုးအား ပစ္စည်းနှင့်အတူဖမ်းမိသော်လည်း ရဲစခန်းသို့ ချက်ချင်း မပို့ဘဲ ဝိုင်းဝန်းနှိပ်စက်ခဲ့ကြောင်း၊ အလုပ်သမားများက ဆန္ဒပြရာမှ ညနေ ၆နာရီတွင် ရဲများရောက်ရှိလာပြီး ကိုဇော်မိုးနှင့်အတူ စက်ရုံမှ တရုတ် အမျိုးသား ၂ ဦးအား ထိန်းသိမ်းရန် ည ၈ နာရီ အချိန်၌ ဖမ်းဆီးသွားခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

မြန်မာအလုပ်သမား ကိုဇော်မိုးသည် ၎င်းစက်ရုံတွင် အလုပ်လုပ်နေသည်မှာ ၇ လကျော်ပြီဖြစ်ပြီး ညှင်းပန်းနှိပ်စက်ခံရသောကြောင့် ယမန်နေ့ ည ၁၀ နာရီခန့်တွင် အကူအညီတောင်းခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

“ခိုးတဲ့လူကိုတော့ အချုပ်ထဲ တစ်ခါထဲထည့်ထားတယ်။ ကျန်တဲ့သူရဲ့ ထိခိုက်နစ်နာသွားတဲ့ ဟာကိုတော့ ဆေးရုံကို ချက်ချင်းသွားပြီး ဓာတ်မှန်သွားရိုက်လာတယ်။ဓာတ်မှန်စာရွက်ကျလာမှ သူဘယ်လောက်နစ်နာသွားလဲဆိုတာကို ဆရာဝင်ကသက်မှတ်ပေးမှ ကျွန်တော်က တရားရုံးမှာ လျော်ကြေးကိစ္စ စကားပြောရမှာပေါ့”ဟု ဟု၎င်းကပြောသည်။

ကြေးပိုက်ခိုးသယ်သည့် မြန်မာအလုပ်သမားသည် တရားစွဲဆိုခံရပါက ထောင်ဒဏ် ၃ နှစ်မှ ၅နှစ်အထိကျခံရနိုင်ကြောင်း ကိုမုန်တိုင်းကပြောသည်။

“ထိုးတဲ့လူတွေကိုတော့ ညတုန်းကတစ်ခါထဲဖမ်းသွားတယ်။သူတို့က သူဌေးတွေဖြစ်တဲ့အတွက် ပကန်(အာမခံ)ယူပြီးပြန်လွတ်သွားတယ်။ကိုယ့်မြန်မာနိုင်ငံသားကတော့ ရာဇဝတ်မှုထဲမှာပါသွားတာကို ခိုးတာဆိုတော့”ဟုကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

Photo Via – WAG