အောက်တိုဘာ ၁၅ ၊ Migrant Times ။
နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ အပိုထောက်ပံ့ကြေးငွေကို ကျပ် ၁,ဝဝဝ ထပ်မံတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီ(စစ်ကော်မရှင်) လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အလုပ်ချိန်တစ်ရက် ၈ နာရီစာ အတွက်သတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈ဝဝ အပေါ်တွင်
ကျပ် ၁,ဝဝဝ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
“နေရေးထိုင်ရေး ကုန်စျေးနူန်းကလည်း အဆမတန်မြှင့်နေတဲ့ အချိန်တိုးတော့ ကောင်းတယ်။ နည်းနည်း အသက်ရှုချောင်တာပေါ့”ဟု အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးက Migrant Times ကိုပြောသည်။
နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေးအဖြစ်၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင် ၁,ဝဝဝ ၊၂ဝ၂၄ ခုနှစ် ဩဂုတ်လတွင် ကျင် ၁,ဝဝဝ အသီးသီး တိုးမြှင့်ပေးခဲ့ပြီး ယခုအကြိမ်သည် ထပ်မံတိုးပေးခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယခင် အပိုထောက်ပံ့ကြေး ၂,ဝဝဝ အပြင် လက်ရှိထောက်ပံ့သည့် ကျပ် ၁,ဝဝဝ အပါ ကျပ် ၇,၈ဝဝ ကိုအလုပ်ချိန်တစ်ရက်အတွက် ခံစားခွင့်ရရှိမည်ဟုဆိုသည်။ သို့သော် ယခုသတ်မှတ်ချက်သည် အလုပ်သမား ၁ဝ ဦးအောက်ရှိသော လုပ်ငန်းငယ်များ ၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများနှင့်သက်ဆိုင်ခြင်းမရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဓာတ်ပုံ – ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်။ (ပုံဟောင်း)