အောက်တိုဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်မြို့နယ်ရှိ ရွှေဆိုင်များတွင် ဓားပြတိုက်မှုဖြစ်ပေါ်လာပါက ဖမ်းဆီးနိုင်ရန်ချင်းမိုင်ရဲတပ်ဖွဲ့က အပြင်းအထန် လေ့ကျင့်နေကြသည်။
ရွှေဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာပြီး ရွှေဆိုင်များ စိုးရိမ်ပူပန်လာခြင်းကြောင့် လုံခြုံရေးအဆင့်မြှင့်တင်ရန်ချင်းမိုင်မြို့နယ် ရဲတပ်ဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ချင်းမိုင်မြို့ Hang Dong ရပ်ကွက် Tesco Lotus ကုန်တိုက် ရှိ Yaowarat Omthong ရွှေဆိုင်တွင် ယမန်နေ့ကရွှေဆိုင်အား ဓားပြတိုက်မှု ဖြစ်ပွားပါက ရင်ဆိုင်ဖြေရှင်းရမည့် အစီအစဉ်ကို ရဲတပ်ဖွဲ့က အပြင်းအထန် လေ့ကျင့်ခဲ့ကြောင်း ဖော်ပြသည်။
လေ့ကျင့်မှုတွင် ရွှေဆိုင်၌ သေနတ်ကိုင်ဆောင်ထားသူမှ တစ်ကျပ်သား အလေးချိန်ရှိသော ရွှေဆွဲကြိုး ၃ ကုံးကို ဓားပြတိုက်သည့် အခြေအနေကို ပုံဖော်ခဲ့ကြသည်။ ချင်းမိုင်မြို့နယ် ရဲစခန်းမှ ရဲအရာရှိအဖွဲ့များဦးဆောင်ကာ ဒုတိယရဲမှူးများနှင့် စစ်ဆေးရေးမှူးများက ပူးပေါင်း၍ အနီးကပ် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြကြောင်း ထိုင်းသတင်းကရေးသားသည်။
ရွှေဆိုင်များအား စီစီတီဗီ (CCTV) ကင်မရာများအား ရာနူန်းပြည့်အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ခြင်း၊ရဲများထံသို့ တိုက်ရိုက်ချိတ်ဆက်နိုင်သော အချက်ပြသတိပေးစနစ် တပ်ဆင်ခြင်း၊ တံခါးသော့ခတ်စနစ်နှင့် သံဆန်ခါများ ပိုမိုတပ်ဆင်ခြင်းအပြင် သံသယဖြစ်ဖွယ် အပြုအမူရှိသူများကို စောင့်ကြည့်သည့် နည်းလမ်းများအား အကြံပြုခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ထိုင်းနိုင်ငံရှိ ရွှေဆိုင်များတွင် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့်
အောက်တိုဘာလ ၅ ရက်နေ့၌ ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ် (Narathiwat) ခရိုင်၊ Su-ngai Kolok မြို့ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်းရှိ ရွှေဆိုင်ကို လူ ၈ ဦးက သေနတ် ဖြင့်ချိန်းခြောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
Photo – เสพข่าวเชียงใหม่