🔲လယောင်ခရိုင်က မြန်မာ လုပ်သား ၁၄ ဦးလုပ်ခပြန်ရ
အောက်တိုဘာ ၂ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ချွန်ပူလီခရိုင်၊စီလချာမြို့ရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား စုစုပေါင်း ၁၅ဝ ဦးသည် အောက်တိုဘာလ ၁၆ ရက်နေ့၌ အလုပ်ထုတ်ခံခဲ့ရသည်။
၎င်းတို့သည် ထိုစက်ရုံတွင် စမတ်ခ(အလုပ်ဝင်ခ) ၈ဝဝဝ ဘတ်နှင့် ကျန့်ခေါက်ခ (သူဌေး သစ်ပြောင်းခ)၄၅ဝဝ ဘတ်ပေးပြီး အလုပ်ဝင်လုပ်ခဲ့သည်။ အလုပ်ထုတ်ခံခဲ့ရသော်လည်း၂ဝ၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ လုပ်ခမထုတ်ပေးသည့်အတွက် အကူအညီတောင်းခဲ့ကြောင်း၊ အလုပ်သမားများ၏ လုပ်အားခများ ပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
အလားတူ ထိုင်းနိုင်ငံ လယောင်ခရိုင် ၊ဘန်းခိုက်မြို့ရှိ အပူပေးစက်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၄ ဦးသည် စက်တင်ဘာလ ၁၅ ရက်နေ့၌ အလုပ်ထုတ်ခံခဲ့ရသည်။
၎င်းတို့က အကူအညီတောင်းခဲ့သဖြင့် နစ်နာကြေး ရရှိရန် အလုပ်သမားများနှင့်အတူမြို့နယ်ဆဝါဒီကန်ရုံး(အလုပ်သမားရုံး) တွင် သွားရောက်ကူညီတိုင်ကြားပေးခဲ့ရာ ယနေ့ အောက်တိုဘာလ ၂ဝ ရက်နေ့တွင် လုပ်အားခ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
လုပ်အားခရရှိခဲ့သော်လည်း မြန်မာအလုပ်သမား ၁၄ ဦးအား ကြိုတင်အကြောင်းမကြားပဲ အလုပ်ဖြုတ်ခဲ့သည့်အတွက် နစ်နာကြေးနှင့်ထိတ်လန့်ကြေးရရှိရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
Photo – WAG
ချွန်ပူလီခရိုင်၊စီလချာမြို့ရှိ ရေပူရေအေးခွက်စက်ရုံတွင်အလုပ်လုပ်နေသော မြန်မာ အလုပ်သမားများ။
