အောက်တိုဘာ 26, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ယနေ့တွင် တရားရုံးက ထပ်မံအမိန့်ချမည်

အောက်တိုဘာ ၂၄ ၊ Migrant Times ။

အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံးက ခံဝန်အမှုအပေါ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောသည်။

ဒေါ်မျိုးမျိုးအေးအား အောင်တိုဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော် အမိန့်ဟုဆိုကာ စွဲဆိုထားသော အမှုများအား ရုတ်သိမ်းလိုက်ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်ပေးခဲ့သည်။ သူမသည် နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ရသော်လည်း အောက်တိုဘာလ၂၃ ရက်နေ့၌ ရွှေပြည်သာ မြို့နယ်တရားရုံးသို့ ရုံးချိန်း သွားရောက်ခဲ့ကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။

တရားရုံးတွင် သင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ ၊၄၁ အမှုမှ တရားလို၏ ရုတ်သိမ်းလွှာအား ရုံးတော်သို့ တင်သွင်းရာ ထိုအမှုမှ စွပ်စွဲခံရသူ ဒေါ်မျိုးမျိုးအေး ၁ ဦးကို သာ ရုတ်သိမ်းကြောင်းအမိန့်ချခဲ့သည်။

ဖမ်းဆီးခံထားရသည့် STUM အဖွဲ့ဝင်(၉) ဦးသည် အဆိုပါဥပဒေပုဒ်မများနှင့် ဆက်လက်ပြီး တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အား ခံဝန် (၂)ဦးနှင့် ငွေ သိန်း (၃၀)အား ရုံးတော်သို့ ယူဆောင်လာရန် နှင့် ပျက်ကွက်ပါက ထောင်ဒဏ်ချမည်ဖြစ်ကြောင်း တရားရုံးကအမိန့်ချမှတ်ခဲ့ပြီး ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြန်လည်ချိန်းဆိုခဲ့ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောသည်။

ယနေ့ရုံးချိန်းတွင် STUM ဘက်မှ သင်းဖွဲ့မှတ်ပုံတင် အမှု၏ အာမခံ လျှောက်လဲချက် (နှုတ်ဖြင့်၊ စာဖြင့်) တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။
STUM ဝန်ထမ်း ၁ ဦးအားစစ်မှုထမ်းခေါ်ဆောင်သွားပြီး အောက်တိုဘာ (၃) ရက်နေ့တွင် ဝန်ထမ်း (၁) ဦး အမိန့်ချခံရကာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း STUM ကထုတ်ပြန်သည်။

ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး