🟥ထိုင်းနယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ၂၄ နာရီ ဖမ်းဆီးနေ
အောက်တိုဘာ ၂၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် တဖက်ကမ်း မြ၀တီမြို့နယ် “KK Park” ဝင်းအတွင်းရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို စစ်တပ်ကဖမ်းဆီးနေသည့်အတွက် ၎င်းလုပ်ငန်းများက နိုင်ငံခြားသားများ သောင်ရင်းမြစ်ကူးကာ ထွက်ပြေးနေကြသည်။
ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်အထိ မဲဆောက်မြို့နယ်ဘက်ခြမ်းသို့ ထွက်ပြေးလာသည့်နိုင်ငံခြားသား စုစုပေါင်း ၁,၀၄၉ ဦး ရှိပြီး အရေအတွက် ဆက်လက်တိုးပွားနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ယာယီစခန်းများတွင်ထားရှိထားသည်။
ဖမ်းဆီးရမိသူများအနက် အိန္ဒိယနိုင်ငံသားများသည် ၃၉၉ ဦး ဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသား ၁၄၇ ဦးပါဝင်သည်။ အခြား ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါ နှင့် အခြားနိုင်ငံသားများလည်း ပါဝင်ပြီး ထိုင်းနိုင်ငံသား ၃၁ ဦး လည်း ပါဝင်ကြောင်း ဖော်ပြသည်။
နိုင်ငံခြားသားများအားလုံးကို တက်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ မဲဆောက်ရဲစခန်း၊ နယ်ခြားစောင့်ရဲတပ်ရင်း (၃၄၆) နှင့် မဲဆောက် အမြဲတမ်း နယ်စပ်စစ်ဆေးရေးဂိတ် (၂) အထူးစစ်ဆင်ရေးစခန်းများ တွင် စိစစ်ရန် ထိန်းသိမ်းထားသည်။
တစ်ချိန်တည်းတွင် ရာဇမာနူ စစ်ဆင်ရေးတပ်ဖွဲ့ မှ စစ်သားများသည် မဲဆောက်မြို့နယ်အရာရှိများ၊ ရဲတပ်ဖွဲ့၊ မဲဆောက်မြို့နယ် ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်တစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ချထားသည်။
၎င်းတို့သည် နယ်စပ်ဖြတ်ကျော်သည့် နေရာများတွင်လည်း ကင်းများ ချထားကာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော နိုင်ငံခြားသားများကို ၂၄ နာရီ ဖမ်းဆီးနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထိုင်းအာဏာပိုင်များသည့် ရာဇဝတ်မှု မှတ်တမ်းရှိသော နိုင်ငံခြားသားများကို စိစစ်ခြင်းနှင့် လိမ်လည်ရန်အတွက် လှည့်ဖြားခံရသူများကို ခွဲခြားသတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ KK Park တရုတ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်းရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို စစ်တပ်က ၃ ရက်ကြာစစ်ဆင်ရေးပြုလုပ်ခဲ့ပြီး KK Park နယ်မြေအားလုံးကို အပြီးသတ်ပိတ်ဆို့ ထိန်းချုပ်ထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယနေ့တွင် မြန်မာစစ်တပ်ကKK Park ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့စခန်း တစ်ခုနှင့် လိမ်လည်သည့် ဂိုဏ်း၏ အဆောက်အအုံ တစ်ခု ပျက်စီးသွားကြောင်းလည်း ဖော်ပြထားသည်။
Photo – MGR




