နိုဝင်ဘာ 21, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ကန်ချနာပူရီ သစ်တောတွင် ရွှေခိုးတူးသည့် မြန်မာ ဂိုဏ်းဝင်များကို ဖမ်းမိ

နိုဝင်ဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ကန်ချနာပူရီခရိုင် ၊ ထုံဖဖူမ်မြို့နယ် ၊ ဖီလော့ခီ မြောက်ဘက်ရှိ သစ်တောတွင် တရားမဝင်ရွှေခိုးတူးသူများကို ရှာဖွေ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦးနှင့် ဖီလော့ကီရွာနေ ကရင်လူမျိုး ၁ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုံဖဖူမ်ခရိုင် အရာရှိများ ၊ ဆူရာစီတပ်ဖွဲ့ဝင်များသည် တရားမဝင် ရွှေခိုးတူးသူများကို နှိမ်နင်းရန် ဖီလော့ခီသစ်တောတွင် ကင်းလှည့်ခဲ့ကြကြောင်း ဖော်ပြသည်။

၎င်းတို့သည် ယင်းနေ့ ည ၁၀ နာရီခန့်တွင် စီစီတီဗီကင်မရာများမှ သေနတ်နှင့် ပစ္စတိုလက်နက်များ ကိုင်ဆောင်ထားသည့် အမျိုးသား ၁၅ ဦးခန့်သည် ဖီလော့ခီရပ်ကွက်၊ ကျေးရွာအမှတ် ၄ တွင်ရှိ မြေကွက်ထဲသို့ လမ်းလျှောက်ဝင်ရောက်သွားခဲ့ကြောင်းတွေ့ရှိခဲ့ကြသည်။

ထို့နောက် သံသယရှိသူများအား လိုက်လံဖမ်းဆီးရာ ရွှေတူးရန် တွင်းများထဲသို့ ဝင်ရောက်နေသည်ကို တွေ့ရှိခဲ့ပြီး ၄ ဦးကိုသာဖမ်းဆီးနိုင်ခဲ့ကာ ၁၀ ဦးခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ မြန်မာနိုင်ငံသား ၃ ဦးနှင့် အသက် ၄၅ နှစ်အရွယ် ဖီလော့ခီရွာသား ကရင်လူမျိုးတို့ ဖြစ်ကြောင်း ဖော်ပြသည်။

ရွှေတူးသည့်တွင်းများတွင် မြန်မာနိုင်ငံမှတ်ပုံတင် ၅ ခုကိုလည်းတွေ့ရှိခဲ့ပြီး လက်ကိုင်ဖုန်းများ၊ ခေါင်းမီးများ၊ သံချွန်များ၊ သတ္တုမြေအိတ်များ၊ လက်ကိုင်စကားပြောစက် ၂ လုံး၊ မြန်မာငွေကျပ် ၃၀၀,၀၀၀ ကျော်၊ ထိုင်းနိုင်ငံလုပ် လက်လုပ်ရိုင်ဖယ်တစ်လက်၊ နှင့် ကျည် ၁၀ တောင့်တို့ အပါအဝင် သက်သေခံပစ္စည်း ၄၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းကဖော်ပြသည်။

မြန်မာနိုင်ငံသား ၃ ဦးနှင့် ဖီလော့ကီရွာနေ ကရင်လူမျိုး ၁ ဦးအား ရွှေတွင်းများမှဖမ်းဆီးခဲ့ပြီး သစ်တောဥပဒေများ ၊လက်နက်ဥပဒေများအပါအဝင် စုစုပေါင်း စွဲချက် ၇ ခုဖြင့် အရေးယူရန် ဖီလော့ခီရဲစခန်းထံ လွှဲပြောင်းထားကြောင်း သိရသည်။

Photo – MGR