အေဂျင်စီတချို့ ဘရူနိုင်းကိုလုပ်သားစေလွှတ်ရေးဈေးကွက် အသစ်ချဲ့ဖို့ကြိုးပမ်း

နိုဝင်ဘာ ၁၇၊ အရုဏ်ဦး
ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့အနေနဲ့ ဘရူနိုင်းနိုင်ငံကို လုပ်သားစေလွှတ်နိုင်မယ့်စျေးကွက်အသစ်တွေ ရှာဖွေလာကြတယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။
မြန်မာလုပ်သားတွေကို လာအိုနိုင်ငံဆီ အေဂျင်စီတွေက လုပ်သားစေလွှတ်မှုများလာသလို နောက်ထပ်စျေးကွက်အသစ်အနေနဲ့ ဘရူနိုင်းနိုင်ငံဖက်ခြေလှမ်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဘရူနိုင်းကိုတော့ စပို့တဲ့သူတွေကပို့နေပြီ။ နောက်ထပ်လုပ်သားတိုးပို့နိုင်ဖို့ ကုမ္ပဏီတွေနဲ့ချိတ်ဆက်တာမျိုးတွေလုပ်နေတာရှိတယ်။ ခိုင်မာတဲ့လုပ်သားစေလွှတ်နိုင်မယ့် နေရာတခုဖြစ်လာမလားဆိုတာမပြောနိူင်သေးဘူး”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာလုပ်သားတွေအများဆုံးသွားရောက် လုပ်ကိုင်တဲ့ မလေးရှားနိုင်ငံက လုပ်သားခေါ်ယူတာရပ်လိုက်ပြီးတဲ့နောက် တခြားနိုင်ငံလုပ်သားစျေးကွက်တွေကိုချိတ်လာကြတာလို့ အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။
လက်ရှိမှာလာအိုနိုင်ငံနဲ့ အလုပ်သမားရေးရာ သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီးနောက် မြန်မာလုပ်သားတွေအတွက် နေရာတခုထပ်တိုးလာတာဖြစ်ပါတယ်။
ဒါပေမယ့် ပြည်ပကိုထွက်ခွာလိုတဲ့ လုပ်သားအရေအတွက်နဲ့ လုပ်သားခေါ်ယူတဲ့ပမာဏကကွာဟမူများနေတာကြောင့် စျေးကွက်အသစ်ရရှိဖို့လိုအပ်နေတာလို့ အေဂျင်စီဒါရိုက်တာတစ်ဦးကဆိုပါတယ်။
“ဘရူနိုင်းက လုပ်ခသိပ်တော့မကောင်းဘူး။ဒီမှာရတာထက်တော့ပိုတယ်။ လုပ်သားခေါ်တာများရင်တော့သွားမယ့်သူတွေကရှိတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံဆီလုပ်သားအများဆုံးစေလွှတ်ပေးနေရပြီး ဒေသတွင်းတခြားနိုင်ငံဆီစေလွှတ်နိုင်ဖို့ အတွက်လည်း​ကြိုးစားနေကြတယ်လို့သူတို့က ပြောပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *