မဲဆောက် ရွှေ့ပြောင်းကျောင်းတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် ဆရာကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ၊မဲဆောက်မြို့နယ်ရှိ ရွှေ့ပြောင်းပညာရေးကျောင်းတစ်ကျောင်းမှ အသက် ၇၂ နှစ်အရွယ် ကျောင်း ဆရာဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ရဲစခန်းက အချုပ်တွင်ထိန်းသိမ်းထားကြောင်း အမှုဖွင့်လှစ်ခဲ့သူတစ်ဦးကပြောကြားသည်။
“ကျူးလွန်သူကိုရဲဘက်ကအချုပ်ထဲထည့်ထားပါပြီ။ တနင်္လာနေ့မှာ တရားရုံးမှာအမှုတင်ပါမယ်။
တရားသူကြီးက အမှုကိုလက်ခံတာနဲ့ ထောင်ကျတဲ့ အထိ ဆက်လက်ပြီး ရင်ဆိုင်သွားပါမယ်…”ဟုအမှုဖွင့်လှစ်ခဲ့သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ဇူလိူင်လ ၁၈ ရက်နေ့ညက အသိပေးခဲ့သည်။
ဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ပြီးခဲ့သည့်ဇူလိူင်လ ၁၆ ရက်နေ့က လိင်အမြတ်ထုတ်ခံရသည့် ကျောင်းသားကလေးငယ်များ၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့သည်။
လူမှုကွန်ရက် မီဒီယာပေါ်တွင် ဖော်ပြနေကြသော ဝေဖန်မှုများနှင့်စပ်လျဉ်းပြီး ဦးဇော်ငြိမ်းလတ် အား သွေးသစ် learning center တွင် ပညာသင်ကြားစေခြင်း နှင့် ကျောင်းအတွင်း နေထိုင်ခြင်းကိစ္စများကို ရပ်နား လိုက်ကြောင်း မဲဆောက်အခြေစိုက် သွေးသစ်အထက်တန်းကျောင်းကလည်း ဇူလိူင်လ ၁၆ ရက်နေ့ ညက ထုတ်ပြန်ကြေညာခဲ့သည်။
ဦးဇော်ငြိမ်းလတ် ကလည်း ဖေ့ဘုတ်စ်ပို့စ်များတွင်စွပ်စွဲလျက်ရှိ သည်များနှင့်ပတ်သက်ပြီး မှန်သည် မှားသည်ကိုမငြင်းလိုကြောင်း၊ စွပ်စွဲသူများတိုက်ရိုက်လာရောက်တွေ့ဆုံဖို့ တောင်းဆိုလိုကြောင်း ဇူလိူင် ၁၆ ရက်နေ့ညက လူမှုကွန်ရက်၌ရေးသားခဲ့သည်။
သွေးသစ်အထက်တန်းကျောင်းတွင် ၂ဝ၂၃ ခုနှစ်က တက်ရောက်ခဲ့သည့် ကျောင်းသားတစ်ဦး၏ ဖခင်က သူ၏သားသည် ဦးဇော်ငြိမ်းလတ်၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုခံခဲ့ရပြီး ငရဲတွင်းထဲရောက်သလိုခံစားခဲ့ရကြောင်း၊ စိတ်ကျန်းမာရေးကုသမှုများခံယူခဲ့ရပြီး စိတ်ဒဏ်ရာများ ဆက်လက်ရှိနေကြောင်း Migrant Times ကိုပြောကြားသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ထိုင်းပညာရေးဌာနမှ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာရွှေ့ပြောင်းသင်ကြားရေးစင်တာပေါင်း (၆၃) ကျောင်း ရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှသိရသည်။
၂ဝ၁၃ ခုနှစ်ခန့်ကလည်း မဲဆောက်မြို့အခြေစိုက် ရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာတစ်ခုတွင် ကျောင်းဆရာတစ်ဦးမှ အသက် (၁၄) နှစ်အရွယ် ကျောင်းသူတစ်ဦးအား (၂) နှစ်တာကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် အမှု ဖြစ်ပေါ်ခဲ့သည်။
ထိုတရားခံအား မဲဆောက်တရားရုံးတွင် တရားစွဲဆိုခဲ့ကာ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လတွင် ထောင်ဒဏ် (၂၅) နှစ် ချမှတ်နိုင်ခဲ့သည်။
ရွှေ့ပြောင်းသင်ကြားရေးစင်တာ အများစုသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ၊ ကြီးကြပ်မှုနှင့် ပံ့ပိုးကူညီမှုများ အားနည်းနေသေးသည်ကို တွေ့ရပြီး တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ လွတ်မြောက်နေသည့် တရားခံ များစွာရှိနေသေးကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ တာဝန်ရှိသူကပြောကြားသည်။
Photo – FB