ထိုင်းတွင် ဘတ်စ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာ ၁၁ ဦးပါအဖွဲ့ကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ကန်ဖိုင်ဖက်ပြည်နယ်၊ ခလွန်ကလွန်း ၊ အဝေးပြေးလမ်းမကြီးအမှတ် ၁ ပေါ်တွင် ဘတ်စ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးပါဝင်သည့် လူ ၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျုရို(CIB) အဝေးပြေးရဲတပ်ဖွဲ့ခွဲမှယနေ့ (ဩဂုတ်-၁၁)ထုတ်ပြန်သည်။
၎င်းဘတ်စ်ကားသည် သတ်မှတ်ထားသည့် မှတ်တိုင်မဟုတ်သည့် နှစ်နေရာတွင် ခရီးသည်များအားတင်နေသည်ကို မသင်္ကာဖြစ်ခဲ့သည့်အတွက် စစ်ဆေးရန်ရပ်တန့်စေခဲ့ပြီး ကားတွင် အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသားယာဉ်မောင်း နှင့်ကားအောက်ခန်း၊ခရီးသည်ထိုင်ခုံများအောက်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း ၁၆ ဦးကို တွေ့ရှိခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့ကပြောသည်။
မြန်မာနိုင်ငံသား ၁၁ ဦးသည် မှတ်ပုံတင်စာရွက်စာတမ်းနှင့် နိုင်ငံကူးလက်မှတ်များမရှိကြပဲ တရုတ်နိုင်ငံသား ၅ ဦးမှာ နိုင်ငံကူးလက်မှတ်နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးနေကြောင်း CIB ကထုတ်ပြန်သည်။
ယာဉ်မောင်း၏ရဲတပ်ဖွဲ့ထံထွက်ဆိုချက်အရ ၎င်းတို့အား မော်ချစ်ဘတ်စ်ကားဂိတ်ကို အောင်မြင်စွာပို့ဆောင်ပေးနိုင်ပါက ဘတ်ငွေ ၂၂,၀၀၀ ရရှိမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းယာဉ်မောင်း၊ မြန်မာနှင့်တရုတ်နိုင်ငံသား ၁၆ ဦးအား သက်သေခံကားနှင့်အတူ ခလွန်ကလွန်းရဲစခန်းသို့ ဥပဒေအရ အရေးယူရန်အတွက် လွှဲပြောင်းပေးခဲ့ကြောင်း CIB ကထုတ်ပြန်သည်။
ဩဂုတ်လ ၉ ရက်နေ့ကလည်း တာ့ခ်ခရိုင်၊ ဖုတ်ပရာမြို့မြို့နယ်၊ Huai Nam Nak ရွာအနီးတစ်ဝိုက်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၂ ဦးပါသည့် ကားကို ဖမ်းဆီးခဲ့ကြောင်း naresuan task force ကထုတ်ပြန်သည်။
အလားတူ ဩဂုတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ၊နခွန်ဆဝမ်ခရိုင်၊အွေ့အာရီဈေးအနီးရှိ လမ်းပေါ်တွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦးပါဝင်သည့်ကားကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျုရို(CIB)ကထုတ်ပြန်သည်။
ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့ညတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၅ ဦးနှင့် ခေါ်ဆောင်လာသူ ၂ ဦးကို နယ်စပ်တပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
Migrant Times ၏သတင်းစုစည်းမှုအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရပြီး ဇူလိူင်လအတွင်းတွင် ၁၅ဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – CIB