ထိုင်းနိုင်ငံ၊ ဥထိုင်းဌာနီ(Uthai Thani)ခရိုင် ၊ ခိုခီဖွိုင်မြို့နယ်ခွဲရှိ သစ်တောအတွင်းတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၅၅ ဦးအား ဩဂုတ်လ ၁၁ ရက်နေ့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်း Khaosod သတင်းတွင်ဖော်ပြသည်။
သစ်တောအတွင်းတွင် ရပ်ထားသည့် မော်တော်ကာ (၃) စီးပေါ်တွင် မြန်မာ အမျိုးသား ၃၆ ဦးနှင့် မြန်မာ အမျိုးသမီး ၁၉ ဦးကို ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး ယာဉ်မောင်းများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
မြန်မာများသည် ဘန်ကောက်မြို့တွင် အလုပ်ရှာရန်အတွက် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း စကားပြန်မှတစ်ဆင့်ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့ကြသည်။
၎င်းတို့အား လူမှောင်ခိုကူးခံရသူများ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးနေပြီး သပ်သံ(Thap Than)ရဲစခန်းသို့ပို့ဆောင်ထားကြောင်း သတင်းကဖော်ပြသည်။
ဩဂုတ်လ ၉ ရက်နေ့ကလည်း တာ့ခ်ခရိုင်၊ ဖုတ်ပရာမြို့မြို့နယ်၊ Huai Nam Nak ရွာအနီးတစ်ဝိုက်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၂ ဦးပါသည့် ကားကို ဖမ်းဆီးခဲ့ကြောင်း naresuan task force ကထုတ်ပြန်သည်။
အလားတူ ဩဂုတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ၊နခွန်ဆဝမ်ခရိုင်၊အွေ့အာရီဈေးအနီးရှိ လမ်းပေါ်တွင် နယ်စပ်မှ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦးပါဝင်သည့်ကားကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျုရို(CIB)ကထုတ်ပြန်သည်။
ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့ညတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၅ ဦးနှင့် ခေါ်ဆောင်လာသူ ၂ ဦးကို နယ်စပ်တပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
Migrant Times ၏သတင်းစုစည်းမှုအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရပြီး ဇူလိူင်လအတွင်းတွင် ၁၅ဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။