September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

မြန်မာပညာတတ်လူငယ်များ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်လိုကြောင်း စစ်တမ်းတခုဖော်ပြ

မြန်မာလူငယ်များ၏ ၄ဝ ရာခိုင်နှုန်းသည် အခွင့်အရေးရပါက နိုင်ငံမှထွက်ခွာ ပြောင်းရွှေ့နေထိုင်လိုကြကြောင်း ယနေ့ (ဩဂုတ်လ ၁၂ ရက်) နိုင်ငံတကာလူငယ်များနေ့တွင် UNDP ကထုတ်ပြန်သည့် Youth Migration and Perceptions in Myanmar အစီရင်ခံစာတွင်ဖော်ပြသည်။

မြန်မာလူငယ်စစ်တမ်းအတွက် ၂ဝ၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ လူငယ် ၇,ဝဝဝ ကျော်ထံမှ အချက်အလက်များကို ရယူထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ထုတ်ပြန်သည်။

အသက် ၁၈ မှ ၃၅ နှစ်ရှိသည့် လူငယ် ၁ဝ ဦးတွင် ၄ ဦးသည် စီးပွားရေးပြိုလဲခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းခြင်းတို့ကြောင့် အခွင့်အရေးရပါက နိုင်ငံမှ ထွက်ခွာရန် စဉ်းစားမည် ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များနှင့် ပညာတတ်လူငယ်များသည် ထွက်ခွာရန် အလားအလာ ပိုများကြောင်း အစီရင်ခံစာကဆိုသည်။

စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုသည် မြန်မာလူငယ်များ၏ ရွှေ့ပြောင်းနေထိုင်လိုသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင်ရေးသားသည်။

၂ဝ၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော အခြေအနေများမှ လွတ်မြောက်ရန် လူငယ် ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကြားသည် နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်နေကြရကြောင်း UNDP ကထုတ်ပြန်သည်။

လူငယ်များပြောင်းရွှေ့မှုသည် မြန်မာနိုင်ငံ၏ အလုပ်လုပ်နိုင်သောအရွယ် လူငယ်၊ လူလတ်တန်းစားအပိုင်းတွင် သိသိသာသာကျဆင်းလာကြောင်း ထောက်ပြသည်။

စစ်တမ်းတွင် ဖြေဆိုခဲ့သည့် လူငယ်များ၏ ၅၅ ရာခိုင်နှုန်းကျော်က နိုင်ငံသည် မှားယွင်းသောလမ်းသို့ ဦးတည်နေသည်ဟု ယုံကြည်ကြပြီး လုံခြုံမှုမရှိခြင်း၊ ဆိုးရွားလာနေသော ပညာရေးစနစ်များနှင့် အကန့်အသတ်ရှိသော စီးပွားရေးအခွင့်အလမ်းများကို ပြောပြကြသည်။

လူငယ်အများအပြားသည် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းသည် ဘေးကင်းလုံခြုံမှု၊ ပညာရေးနှင့် ငွေကြေးတည်ငြိမ်မှုတို့အတွက် လမ်းစတစ်ခုကို ပေးစွမ်းနိုင်မည်ဟုမျှော်လင့်ကြသည်။

သို့သော်လည်း ၎င်းကြောင့် အမြတ်ထုတ်ခံရခြင်း၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုနှင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုအန္တရာယ်များကို ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာကသတိပေးသည်။

UNDP အစီရင်ခံစာအရ မြန်မာလူငယ်များသည် ဂျပန်နိုင်ငံသို့အများဆုံးသွားရောက်လိုကြပြီး ထိုင်းနိုင်ငံသည် လက်တွေ့တွင် သွားရောက်မှု အများဆုံးနိုင်ငံ ဖြစ်နေကြောင်း၊ လူငယ်များ၏ ၄၇ ရာခိုင်နှုန်းခန့်နိုင်ငံကူးလက်မှတ်အထောက်အထား ခရီးသွားစာရွက်စာတမ်းများမရှိသဖြင့် လုံခြုံရေးအာမခံချက်မရှိသော နယ်စပ်လမ်းကြောင်းများမှတဆင့် သွားနေကြရကြောင်းဖော်ပြသည်။

ပြောင်းရွှေ့ရန် စီစဉ်နေသည့် လူငယ်များ၏ ၉ဝ ရာခိုင်နှုန်းသည် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ တိုးတက်လာပါက ပြန်လာရန် ပြင်းပြစွာ ဆန္ဒရှိကြကြောင်း UNDP ၏ စစ်တမ်းတွင် ဖြေကြားခဲ့ကြသည်။

ဓာတ်ပုံ – တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်တွင် မြစ်ကို ဖြတ်ပြီး ထွက်ပြေးနေကြသူများ။ Photo – EPA (ပုံဟောင်း)

. Migrant Times