ဘန်ကောက်တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သား ၈ ဦး လျော်ကြေး ဘတ် ၈ သန်းရ

ဩဂုတ် ၁၆ – Migrant Times
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချပ်တူချပ်နယ်မြေတွင် မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့်ဆောက်လုပ်ဆဲ စာရင်းစစ်ချုပ်ရုံးအဆောက်အဦးပြိုကျမှုတွင် သေဆုံးခဲ့သော မြန်မာအလုပ်သမားများအနက် ထပ်မံ၍ မြန်မာအလုပ်သမား(၈)ဦး ၏ လျော်ကြေားစုစုပေါင်း ဘတ် ၈ သန်းရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းရှေ့နေများကောင်စီရုံး၌ သေဆုံးသူမြန်မာအလုပ်သမား (၈) ဦး၏ မိသားစုဝင်များအား CHINA RAILWAY NO.10 (THAILAND) CO. LTD က လူသားချင်းစာနာထောက်ထားမှုထောက်ပံ့ကြေးအဖြစ် ဘတ် (၁) သန်းစီကို ချက်လက်မှတ်ဖြင့် လက်ရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ငလျင်ကြောင့် ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲစာရင်းစစ်ချုပ်ရုံးအဆောက်အဦး ပြိုကျပျက်စီးမှုကြောင့် သေဆုံးသူ မြန်မာအလုပ်သမားများအနက် စီစစ်ပြီးသူ (၇) ဦး၏ မိသားစုဝင်များအား CHINA RAILWAY က ဘတ် (၁) သန်းစီကို ပေးအပ်ခဲ့ပြီး ယခုထပ်မံကာ (၈) ဦးကိုပေးခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။
ငလျင်ကြောင့် ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲစာရင်းစစ်ချုပ်ရုံးအဆောက်အဦး ပြိုကျပျက်စီးမှုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ကျော်သေဆုံးခဲ့ပြီး သေဆုံးခဲ့သည့်မြန်မာလုပ်သား ၇ ဦး၏ ရပိုင်ခွင့်များအား ကူညီပေးပြီးဖြစ်ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ တာဝန်ခံကလည်း Migrant Times ကိုပြောကြားသည်။
Photos – ဘန်ကောက်မြို့ စာရင်းစစ်ချုပ်ရုံးအဆောက်အဦးပြိုကျမှုနေရာတွင် ၂ဝ၂၅ ဧပြီလအတွင်းရှာဖွေကယ်ဆယ်ခဲ့သည့်မြင်ကွင်း။