စက်တင်ဘာ ၁၈ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ဆာကရို(Sa Kaeo)ပြည်နယ်၊ ခေါ့စွန်းခရိုင်ရှိ နယ်စပ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း၌ ကမ္ဘောဒီးယားအရပ်သားများနှင့် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းသတင်းများတွင် ဖော်ပြသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ထိုင်း- ကမ္ဘောဒီးယား နယ်စပ်မှတ်တိုင် အမှတ်(၄၂)နှင့် အမှတ်(၄၃)ကြားတွင် ဆန္ဒပြခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀ ခန့် က နယ်ခြားစောင့်ရဲတပ်ဖွဲ့အား တုတ်များ၊ ကျောက်ခဲများ ၊ လောက်လေးခွများဖြင့် ပစ်ခတ်ခဲ့ပြီး လူစုခွဲရန်အတွက် ထိုင်းရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက နယ်စပ်နယ်မြေ သတ်မှတ်ရန်အတွက် နယ်စပ်မှတ်တိုင် ၄၂ နှင့် ၄၃ ကြားတွင် ကွန်ဆာတီနာ (Concertina) သံဆူးကြိုးများအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်တပ်ဆင်ခြင်းပြုလုပ်ပြီးနောက်တွင် ကမ္ဘောဒီးယားအရပ်သားများက တစ်စိတ်တစ်ပိုင်း ဖျက်ဆီးဖယ်ရှားမှုများပြုလုပ်ခဲ့သည်။ ထို့နောက် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း၌ ကမ္ဘောဒီးယားအရပ်သားများနှင့် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀ ခန့် က ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အား တုတ်များ၊ ကျောက်ခဲများ ၊ လောက်လေးခွများဖြင့် ပစ်ခတ်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့သော်လည်း အတိအကျကို သတင်းများကဖော်ပြခြင်းမရှိပါ။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထိုင်း- ကမ္ဘောဒီးယား အကြား အထွေထွေနယ်စပ်ကော်မတီ (GBC) အစည်းအဝေးကျင်းပရန်ရှိနေပြီး မပြီးပြတ်သေးသည့် နှစ်နိုင်ငံအကြား ပြဿနာများကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းများကဖော်ပြသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ၏ ကြားဝင်စေ့စပ်မှုဖြင့် သံတမန်ရေးရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တွင် ရပ်ဆိုင်းခဲ့သည်။ ငါးရက်ကြာ နယ်စပ်တိုက်ပွဲများအတွင်း ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံဘက်တွင် စုစုပေါင်း လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းဌာနများတွင်ဖော်ပြခဲ့သည်။
Photo – กองทัพบก ทันกระแส
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes

