စက်တင်ဘာ ၂၄ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဗာဂျီရ Vajira Hospital ဆေးရုံရှေ့တွင် ယနေ့(စက်တင်ဘာ ၂၄)နံနက် ၇ နာရီကျော်၌ လမ်းပြိုကျမှု ဖြစ်ပွားကာ ၁၆၄ ပေ(မီတာ ၅၀)အနက်ရှိတွင်းကြီးဖြစ်ပေါ်နေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
လမ်းပြိုကျမှု ဧရိယာသည် ၉၈ ပေပတ်လည်ခန့်ရှိပြီး ဆေးရုံအနီးရှိ Samsen ရဲစခန်းရှေ့၌ ပြိုကျမှုအကျယ်အဝန်းမှာ တဖြည်းဖြည်း တိုးလာနေကြောင်း သတင်းကဖော်ပြသည်။
ဗာဂျီရ ဆေးရုံရှေ့၌ လမ်းပြိုကျမှု ကြောင့် ဆေးရုံ အနီး နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဆေးရုံလူနာများနှင့် အနီးနားနေထိုင်သူများကို ရွှေ့ပြောင်းပေးနေကြောင်းသိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ပြိုကျမှုမှာ ရေပိုက်ပေါက်၍ ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ထိုင်းသတင်းများအရသိရသည်။
ကိုးကား – PPTV / Khaosod