နိုဝင်ဘာ 5, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

KK Park တွင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၁၅ဝ ဦးဖမ်းမိ

အောက်တိုဘာ ၂၇ ၊ ၊ Migrant Times ။

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေးရှိ KK Park နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၁၅၀ ဦးနှင့် တောင်ကိုးရီးယားနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၅၁ ဦးကို ထပ်မံ ထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီကယမန့်နေ့တွင် ထုတ်ပြန်သည်။

၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၉,၉၆၄ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။

၎င်းအနက် ၉,၃၃၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၂၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို လွှဲပြောင်းပေးရန်အသင့်ဖြစ်နေကြောင်း ဖော်ပြသည်။

နယ်စပ်ရှိ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို အိမ်နီးချင်းနိုင်ငံများနှင့် ဖော်ထုတ်ဖမ်းဆီးနေသည်ဟုထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် တဖက်ကမ်း မြ၀တီမြို့နယ် “KK Park” ဝင်းအတွင်းရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို စစ်တပ်ကဖမ်းဆီးနေသည့်အတွက် ၎င်းလုပ်ငန်းများက နိုင်ငံခြားသားများ သောင်ရင်းမြစ်ကူးကာ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းသတင်းများက ပြီးခဲ့သည့်ရက်ပိုင်းများတွင်ဖော်ပြသည်။

မဲဆောက်မြို့နယ်ဘက်ခြမ်းသို့ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁ဝဝဝ ကျော်ကိုထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ယာယီစခန်းများတွင် ထားရှိထားကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

ယမန်နေ့ အောက်တိုဘာလ ၂၆ရက်နေ့၊ ညနေတွင်လည်း KK Park နယ်မြေတွင် ပေါက်ကွဲသံများကြားရပြီး မီးခိုးများထွက်နေသည်ကိုမြင်တွေ့ရကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းသမားတဦးက လူမူကွန်ရက်တွင်ရေးသားထားသည်။

Photo – MGR

မဲဆောက်မြို့နယ်ဘက်ခြမ်းတွင်ရောက်ရှိနေသည့် KK Park မှထွက်ပြေးလာသူများအား
အောက်တိုဘာလ ၂၃ ရက်တွင်တွေ့ရစဉ်။