အောက်တိုဘာ ၄ ၊ Migrant times ။
ထိုင်းနိုင်ငံတောင်ပိုင်း ၊ ချွန်ဖွန် (Chumphon) ခရိုင်မှ နာမည်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး(ရွာသူကြီး) တစ်ဦးသည် ကထိန်သင်္ကန်းကပ်လှူရန်အတွက် မြန်မာဘက်သို့ ခွင့်ပြုချက်မရှိဘဲ နယ်စပ်ဖြတ်ကျော်သွားရောက်ခဲ့ပြီးအပြန်တွင် မြန်မာအလုပ်သမား ၃၆ ဦးအား တရားမဝင်ခေါ်ဆောင်လာမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် မြန်မာဘက်ရှိ ဘုန်းကြီးကျောင်းတွင် ကထိန်သင်္ကန်းကပ်လှူရန်အတွက် နယ်စပ်ဖြတ်ကျော်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
၎င်းရွာသူကြီးသည် မြန်မာဘက်သို့ ခွင့်ပြုချက်မရှိဘဲ သွားရောက်စဉ် တားဆီးခဲ့သည့်တာဝန်ရှိသူများအား ကျိန်ဆဲပြောဆိုခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်၌ အပြန်လမ်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ရွာသူကြီးသည် ချွန်ဖွန်ခရိုင်၊ သာဆဲမြို့နယ်၊ ရပ်ရို ကျေးရွာအုပ်စုမှ နာမည်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူဖြစ်ပြီး နယ်ခြားစောင့်ရဲတပ်ရင်း (၄၁၄) မှ အရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။
၎င်းအား တာဝန်ထမ်းဆောင်နေသော အရာရှိကို စော်ကားမှု ၊ဥပဒေအရ ၏ အမိန့်ကို မလိုက်နာမှု၊ ယာဉ်ကိုနိုင်ငံပြင်ပသို့ တရားမဝင်မောင်းနှင်မှု၊ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းနှင့် နိုင်ငံခြားသားကို နိုင်ငံတွင်းသို့ တရာမဝင် ခေါ်ဆောင်လာခြင်းများဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံသား ၈ ဦး ၊ပစ်ကပ်ကားယာဉ်မောင်း ၁ ဦးနှင့် ၎င်းကားအတွင်းလိုက်ပါလာသည့် စာရွက်စာတမ်းမရှိသော မြန်မာနိုင်ငံသား ၃၆ ဦးအားလည်း ဖမ်းဆီးကာဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းသိရသည်။
Photo – MGR


