နိုဝင်ဘာ 5, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းလုပ်သားများ အစ္စရေးနိုင်ငံသို့ တိုးမြှင့် စေလွှတ်မည်

အောက်တိုဘာ ၄ ၊ Migrant times ။

ထိုင်းနိုင်ငံသား အလုပ်သမားများအား အစ္စရေးနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တိုးမြှင့် စေလွှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ် ထီယန်ထောင်း ကပြောကြားသည်။

၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍများတွင် အလုပ်အကိုင်နေရာ ၂၀,၀၀၀ ကျော် လိုအပ်ကြောင်း အကြောင်းကြားလာပြီးနောက် ထိုင်းအလုပ်သမားများအား အစ္စရေးသို့စေလွှတ်ရန် မစ္စထရီနွတ်ချ် က ညွှန်ကြားခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

အစ္စရေးနိုင်ငံသည် ထိုင်းအလုပ်သမားများ အများအပြား သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံသုံးနိုင်ငံအနက်မှ တစ်ခုဖြစ်ကြောင်း မစ္စထရီနွတ်ချ်ကပြောသည်။

အစ္စရေးရှိ ထိုင်းအလုပ်သမားဈေးကွက်၏ လိုအပ်ချက်အရ အလုပ်သမားလေ့ကျင့်ရေး သင်တန်း ၈ ခု ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၁,၆၅၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၃ ရက်အတွင်း အစ္စရေးနိုင်ငံသို့ တဖြည်းဖြည်း သွားရောက်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်သမားဝန်ကြီး၏ ၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆ ဘဏ္ဍာနှစ်အထိ (အောက်တိုဘာလ ၃၁ ရက်) စာရင်းများအရ အစ္စရေးနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့သော ထိုင်းအလုပ်သမား စုစုပေါင်း ၄၁,၄၄၀ ဦး ရှိသည်။

ထိုင်းအလုပ်သမားများသည် အစ္စရေးနိုင်ငံရှိ စိုက်ပျိုးရေးကဏ္ဍတွင် ၃၂,၄၉၀ ဦး၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၆,၄၃၇ ဦး၊ စက်မှုလုပ်ငန်းကဏ္ဍတွင် ၅၅၆ ဦး၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁,၈၉၈ ဦးနှင့် အခြားကဏ္ဍများတွင် ၅၉ ဦး ပါဝင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူချက် (MoU) အရ စိုက်ပျိုးရေးကဏ္ဍတွင် ၁၃,၀၀၀ နေရာနှင့် တယ်လ်အဗစ်ရှိ အလုပ်သမားရုံးမှ အသိအမှတ်ပြုထားပြီးဖြစ်သည့် ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍတွင် ၁၀,၁၉၁ ဦးတို့အတွက် ထိုင်းအလုပ်သမား လိုအပ်ချက်အား အကြောင်းကြားလာကြောင်း အလုပ်သမားရှာဖွေရေးဦးစီးဌာနကထုတ်ပြန်သည်။

ဓာတ်ပုံ – အလုပ်သမားဝန်ကြီး မစ္စထရီနွတ်ချ် နှင့်ထိုင်းအလုပ်သမားများ။
(Photo – กระทรวงแรงงาน)