နိုဝင်ဘာ 4, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

STUM ရုံးအဖွဲ့ဝင် ၉ ဦး၏ အာမခံလျှောက်လဲချက် ပလပ်ခံရ

အောက်တိုဘာ ၂၈ ၊ Migrant Times ။

အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM)ဝင် ၉ ဦးအား စစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားပြီး စွဲဆိုထားသည့် အမှုအပေါ် ယမန်နေ့(အောက်တိုဘာလ ၂၇)က အာမခံလျှောက်လဲချက်တင်သွင်းခဲ့သော်လည်း ပလပ်သည့်အမိန့်တစ်ရပ် ချမှတ်ခဲ့ကြောင်းSTUM ကထုတ်ပြန်သည်။

STUM သမဂ္ဂခေါင်းဆောင် သင်းထက်စံ အပါအဝင် ရုံးအဖွဲ့ဝင် ၉ ဦးတို့အား စွဲဆိုထားသည့် အမှုအပေါ် စွပ်စွဲခံရသူများအား အာမခံလျှောက်လဲချက်တင်သွင်းထားသည်ကို တရားရုံးက ပလပ်သည့်အမိန့်တစ်ရပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅ (၁) (စ)(ဆ) အမှုမှ စွပ်စွဲခံသူများ ၇ ဦးအား တရားရုံးတွင် အဓိကထွက်ဆိုချက်ပေးခဲ့ပြီး နောက်ရုံးချိန်းကို နိုဝင်ဘာလ ၇ ရက်နေ့သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။
STUM ဝန်ထမ်း ၁ ဦးအားစစ်မှုထမ်းခေါ်ဆောင်သွားပြီး အောက်တိုဘာ (၃) ရက်နေ့တွင် ဝန်ထမ်း (၁) ဦး အမိန့်ချခံရကာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း STUM ကထုတ်ပြန်သည်။

ဒေါ်မျိုးမျိုးအေးအား အောက်တိုဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော် အမိန့်ဟုဆိုကာ စွဲဆိုထားသော အမှုများအား ရုတ်သိမ်းလိုက်ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်ပေးခဲ့သည်။

၎င်းနောက် ဒေါ်မျိုးမျိုးအေးအား စွဲဆိုထားသောအမှုများအနက်မှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ အရစွဲဆိုသော အမှုအတွက် ခံဝန်ဖြင့် (၆)လနေထိုင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့ ရုံးချိန်းတွင် သိမ်းဆည်းခံထားသည့် သက်သေခံပစ္စည်း ၆ မျိုးအား သိန်း ၃ဝဝ တန် ခံဝန်သူနှစ်ဦးဖြင့် လျှောက်ထားထုတ်ယူနိုင်ခဲ့ကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။

Photo – STUM အဖွဲ့၏အခမ်းအနားတခု။