နိုဝင်ဘာ ၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ယမန်နေ့ည တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒွန်မောင်းနှင့် ပရာဝတ်မြို့နယ်နှစ်ခုအား ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) က ရေကြီးမှု သတိပေးချက်ထုတ်ပြန်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
၎င်းမြို့နယ်တွင် ရေကြီးမှုများ ဆက်လက်ရှိနေပြီး ယာဉ်ကြောပိတ်ဆို့မှုအတွက် အချိန်ပေးရန် အကြံပြုထားသည်။
ဘန်ကောက်ဒေသတစ်ဝှမ်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် တူးမြောင်းများရှိ ရေများ မြင့်တက်နေကြောင်း ယနေ့ နံနက် ၅ နာရီတွင် ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA)ကသတိပေးသည်။
ယနေ့ နံနက် ၁ နာရီတွင် ဘန်ကောက်မြို့ ၊ လက်ဆီ (Lak Si) မြို့နယ်တွင် မိုးရေချိန် အများဆုံး ၁၁၇.ဝ မီလီမီတာအထိ တိုင်းတာရရှိခဲ့ပြီး မိုးရွာသွန်းနိုင်ချေ ဆက်ရှိကြောင်း BMA ကထုတ်ပြန်သည်။
လက်ရှိတွင် ရေကြီးမှုသတိပေးထားသည့်နေရာများမှာ ဒွန်မောင်း ၊ Kamphaeng Phet 6 လမ်းဆုံအနီးရှိ Vibhavadi Rangsit လမ်း၊ Soi Chang Akat Uthit 15 အနီးရှိ Akat Uthit လမ်း ၊ပရာဝတ် ၊ Soi On Nut 59 အနီးရှိ On Nut လမ်း တို့ဖြစ်သည်။
ဘန်ကောက်မြို့နည်းတူ ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့တွင်လည်း ယမန်နေ့ တစ်ညလုံးမိုးရွာသွန်းခဲ့ကြောင်း ဖဟန်းရပ်ကွက်နေ မြန်မာအချို့က Migrant Times ကိုပြောကြားသည်။
ထိုင်းမိုးလေဝသဌာန (TMD) က ဖိလစ်ပိုင်၏ အရှေ့ဘက်၊ အနောက်ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း ကယ်မဲဂီသည် ဖိလစ်ပိုင်ကို ဖြတ်ကျော်၍ ဗီယက်နမ်ဘက်အနောက်ဘက်သို့ ရွေ့လျားနေပြီး ထိုင်းနိုင်ငံ၌ မိုးရွာသွန်းနိုင်ကြောင်း ထုတ်ပြန်သည်။
မုတ်သုံလေစီးကြောင့်ကြောင့် ထိုင်းအထက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသများ ၊မြောက်ပိုင်းဒေသများတွင် မိုးနှင့် မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်နိုင်ပြီး အချို့နေရာများတွင် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း TMD ကသတိပေးသည်။
ဗီယက်နမ်ကို ဖြတ်ကျော်ပြီးနောက် အားပျော့လာသည့် မုန်တိုင်းသည် ထိုင်းနိုင်ငံကို ဆက်လက်သက်ရောက်နိုင်ပြီး ဆောင်းဦးကာလအစောပိုင်းတွင် ထိုင်းဒေသများစွာ၌ မိုးပိုမိုရွာသွန်း စေနိုင်သည်ဟု ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ Sonthi Kotchawat ကလည်း လူမူကွန်ရက်ကတဆင့် သတိပေးထားသည်။
ဓာတ်ပုံကို- ယနေ့ နံနက်ပိုင်း ဘန်ကောက်မြို့ ရက်ကွက်အချို့ မြင်ကွင်း။
(Photo – Khaosod)





