အောက်တိုဘာ ၄ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီခရိုင်၊ ဆန်ခပူရီမြို့နယ်ရှိ ဘန်းတွန်ယမ် ဒုက္ခသည်စခန်းမှ ဒုက္ခသည် (၂၀၁) ဦးသည် ကျန်ထပူရီခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ထိုင်းအစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယမန်နေ့က ထွက်ခွာသွားကြောင်း ၎င်းစခန်းမှသိရသည်။
ဘန်းတွန်ယမ် ဒုက္ခသည်စခန်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်းအစိုးရတို့မှ အသိအမှတ်ပြုထားသည့်စခန်းဖြစ်သည်။ ထိုင်းအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်အတွင်း ပြန်လည်စစ်ဆေးကောက်ခံခဲ့သည့် စာရင်းဝင် ဒုက္ခသည်များအား ထိုင်းနိုင်ငံတွင်းသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ အနေနဲ့ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ ကျော်နေခဲ့ရတာ။ အခုလို ထိုင်းအစိုးရက ကျွန်တော်တို့ကို ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးတာကို ကျေးဇူးတင်ပါတယ်။ အခုကျွန်တော်တို့ လင်မယား နှစ်ယောက်လုံး ကျန်ထပူရီခရိုင်ကို လိုင်ချီးသီးခူးဖို့ သွားတာပါ။ ဒီအလုပ်က ပုတ်ပြတ်စနစ်နဲ့ဆိုတော့ နေ့စားမဟုတ်ပါဘူး။ တစ်ကီလိုကို ၅ ဘတ်ကနေ ၁၀ ဘတ်အထိ ရနိုင်မယ်လို့ သိထားပါတယ်” ဟုစခန်းမှ အလုပ်လုပ်ရန်ထွက်ခွာခဲ့သည့် ကိုထွန်းမင်းလတ်က Migrant Times ကို ပြောသည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က
“ ကျွန်တော်တို့အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် သွားရောက်လုပ်ကိုင်မယ့် ဒုက္ခသည်တွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်နေပါတယ်။ သူတို့အနေနဲ့ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ အလုပ်သမားအခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရဖို့ လိုပါမယ်။ ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားရင် ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမားအခွင့်အရေးနဲ့ လူမှုဖူလုံရေး ရန်ပုံငွေ အကျိုးခံစားခွင့်တွေကို သိဖို့ လိုပါမယ်။ အခက်အခဲ တစ်စုံတရာရှိရင် ဆက်သွယ်အကူအညီတောင်းခံရမယ့် ဖုန်းနံပါတ်တွေကိုလည်း သိထားဖို့ လိုပါမယ်” ဟု Migrant Times ကို ပြောသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ကျော်အတွင်း ရှိခဲ့သည့် ဒုက္ခသည်စခန်း (၉) ခုမှ ဒုက္ခသည်( ၄၂,၀၀၀) ကျော်ကို ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အလုပ်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အလုပ်သမားများသည် ထိုင်းနိုင်ငံ ဆီဆကက်၊ ဆာကဲ၊ ကျန်ထပူရီ ခရိုင်များအပါဝင် ဘန်ကောက်နှင့် အယုဒ္ဓယအနီးတစ်ဝိုက်ရှိ ကြက်မောက်၊ နံနတ်၊ ပီလောပီနံ၊ လိမ္မော် စသည့် ရာသီပေါ်ဥယျာဉ်ခြံလုပ်ငန်းများတွင် အဓိက သွားရောက်အလုပ်လုပ်ကိုင် ကြမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မယ်လ ဒုက္ခသည်စခန်း။ (Photo: UNHCR)
