နိုဝင်ဘာ ၅ ၊ Migrant Times ။
– ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၄၇ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး နှင့် အတူပါသူ ၁ ဦး) အား ယနေ့၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၌ ရနောင်း အကောက်ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
-၂ဝ၂၄ ခုနှစ် အောက်တိုဘာလ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီရှိ စက်ရုံတစ်ခု၌ MoU စနစ်ဖြင့်အလုပ်လာရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ကိုမင်းအောင် နှင့် မြန်မာအလုပ်သမား ကိုသက်ဝေ တို့သည် အလုပ်ချိန်အတွင်း ဓာတုအိုးပေါက်ကွဲပြီး ပေါက်ကွဲသည့်ဓာတုပေါင်းအိုးထဲသို့ပြုတ်ကျသေဆုံးခဲ့သည်။ ၎င်းတို့၏ နစ်နာကြေးများ ပြန်ရရေး ကူညီဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျန်ရှိသည့် နစ်နာကြေး ဘတ် ၈ သောင်းရရှိခဲ့ပြီး စုစုပေါင်း နစ်နာကြေး ဘတ်ငွေ ၆၈ဝ,ဝဝဝ ရရှိခဲ့ကြောင်း MHAC အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ ချွန်ပူလီမြို့ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ကိုစိုးတင့်သည် လမ်းသွားနေရင်း ယာဉ်တိုက်မိခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကိုစိုးတင့်၏ နစ်နာကြေးပြန်လည်ရရှိရန် ကူညီပေးခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ၊ နံနက်ပိုင်းတွင် ကားအာမခံ မှထိုက်သင့်သည့် နစ်နာကြေး ပြန်လည်ရရှိခဲ့ကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။
– ထိုင်းနိုင်ငံတောင်ပိုင်း ၊ နရာသီဝပ် ပြည်နယ် ၊ စုငိုင်းကိုလော့ခ် မြစ်ဝတွင် သွားလာနေသည့် စပိဘုတ် တစီးပေါ်တွင် မလေးရှားသို့သွားရန် ခိုးပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅ ဦးအား
ရေကြောင်းရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။
– ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငခရိုင် ၊ ထုံခမင်းကျေးရွာတွင် မြန်မာနိုင်ငံသား ၁ ဦးသည် ယနေ့ နံနက်တွင်
နေအိမ် တအိမ်အား မီးရှို့မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း- FED တာဝန်ရှိသူက Migrant Times ကိုပြောသည်။
