နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
ရာသီဉတု သတင်း သတင်း

ကယ်မက်ဂီ မုန်တိုင်း မနက်ဖြန် ထိုင်းဝင်မည် 🟥နိုဝင်ဘာလ ၇ ၊ ၈ ရက်များတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း သတိပေး

နိုဝင်ဘာ ၆ ၊ Migrant Times ။

ကယ်မက်ဂီ (Kalmaegi) မုန်တိုင်းသည် နံနက်ဖြန် နိုဝင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသဌာနကသတိပေးထုတ်ပြန်သည်ဟု ထိုင်းသတင်းကဖော်ပြသည်။

မုန်တိုင်းသည် ထိုင်း အရှေ့မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းကို ပြင်းထန်စွာ ရိုက်ခတ်မည် ဖြစ်ကြောင်း သတိပေးထားသည်။ ၎င်းသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် ပထမဆုံး မုန်တိုင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုင်းမိုးလေဝသဌာန၏ ယနေ့ထုတ်ပြန်ချက်အရ ကယ်မေဂီမုန်တိုင်း သည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်းသို့ ပိုမိုနီးကပ်လာနေပြီး အရှေ့မြောက်ပိုင်း ဥပွန်ရတ်ချထာနီ တွင် မိုးရွာသွန်းမှုတိုးလာနိုင်ကြောင်း သတိပေးထားသည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်သော ပြည်နယ်များမှာ အရှေ့မြောက်ပိုင်းရှိ ဥပွန်ရတ်ချထာနီ ၊ဘူရီရမ် ၊ စူရင် ၊ စီဆာကေ့ ၊ မဟာစာရာခမ် ၊ ရွိုင်အက် ၊ ယေဆိုထွန်း၊ အမ်နတ်ချာရိုအန် နှင့် နခွန်ရတ်ချာဆီမာ တို့ဖြစ်ကြောင်းထုတ်ပြန်သည်။

အလားတူ မြောက်ပိုင်းဒေသရှိ အူတရာဒစ် ၊ ဖိချစ် ၊ ဖစ်ဆနုလောက် နှင့် ဖစ်ချဘွန်တွင်လည်း မိုးအလွန်သည်းထန်နိုင်ကြောင်းသတိပေးသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် မြောက်ပိုင်းဒေသရှိ မယ်ဟောင်ဆောင် ၊ ချင်းမိုင် ၊ ချင်းရိုင် ၊ လမ်ဖုန် ၊ လမ်ပန်း ၊ ဖယောင်း ၊ နန် ၊ ဖရဲ ၊ အူတရာဒစ် ၊ ဆူခိုထိုင်း ၊ ကမ်ဖိုင်ဖစ် ၊ ဖိချစ် ၊ ဖစ်ဆနုလော့၊ ဖစ်ချဘွန် နှင့် တာ့ခ် ခရိုင်များတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း ထုတ်ပြန်သည်။

ကယ်မက်ဂီမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ စီဘူ (Cebu) ပြည်နယ်သို့ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ယနေ့တွင် သေဆုံးသူဦးရေ ၁၁၄ ဦးအထိ တိုးလာခဲ့ပြီး လူ ၁၂၇ ဦး ဆက်လက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ထုတ်ပြန်သည်။

ဖိလစ်ပိုင်နိုင်ငံနိုင်ငံ၏ အလယ်ပိုင်းဒေသများကို ဖျက်ဆီးခဲ့သော မုန်တိုင်းသည် ဗီယက်နမ်ဘက်သို့ ဦးတည်သွားစဉ်တွင် အားပြန်ကောင်းလာခဲ့ကြောင်း ၊ ဗီယက်နမ်နိုင်ငံ၊ ဂျိုင်လိုင် (Gia Lai) ပြည်နယ်တွင် ယနေ့ မွန်းတည့်ချိန်ခန့်၌ လူပေါင်း ၃၅၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း
ဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ထုတ်ပြန်သည်။

တိုင်ဖွန်းမုန်တိုင်း ကယ်မက်ဂီ ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့၏ တောင်ဘက်မှ ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းထားသည်။

ကယ်မက်ဂီမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် နိုဝင်ဘာလ ၈ ရက်မှ ၁ဝ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၊တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး၊ဇလဌာနကလည်း ယနေ့သတိပေးထုတ်ပြန်သည်။

ဓာတ်ပုံ – နိုဝင်ဘာလ ၆ ရက် ၊ထိုင်းစံတော်ချိန် နေ့လယ် ၂ နာရီ ၂၀ မိနစ် တွင်တွေ့ရသည့် ကယ်မက်ဂီ မုန်တိုင်း။

(Photo – Windy)