ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကတစ်ဆင့်နိုင်ငံကူးလက်မှတ်လျှောက်ထားတာကိုပါ ရပ်ဆိုင်း
ဇန်နဝါရီ ၁၇ ရက်၊ Migrant Times
- ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနရဲ့ထောက်ခံမှုနဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးနေမှုကိုပါ ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အေဂျင်စီတွေဆီ အသိပေးထားပါတယ်။ဒီဇင်ဘာလအတွင်းက နိုင်ငံကူးလက်မှတ် ရက်ချိန်းစနစ်နဲ့ ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပေမယ့် ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေအတွက် အေဂျင်စီတွေက ပေးပို့တဲ့စာရင်းကို အလုပ်သမားဝန်ကြီးဌာနရဲ့ထောက်ခံချက်နဲ့ထုတ်ပေးနေတာပါ။ အဲဒီလို ထုတ်ပေးနေတာကိုပါ အခု ရပ်ဆိုင်းလိုက်တာလို့သိရပါတယ်။အဲဒီလိုထောက်ခံချက်နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာမှာ မသမာတာေတွရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနဆီ အသိပေးစာပေးပို့ထားတယ်လို့ သိရပါတယ်။
- အေဂျင်စီ ၁၃၃ခုက အဲဒီလိုလုပ်ဆောင်နေတာကြောင့် အဲဒီလိုလုပ်နေတဲ့အေဂျင်စီတွေကို နိုင်ငံကူးလက်မှတ်လျှောက်ထားရေးအစီအစဥ်မှာ မပါဝင်ဖို့ အလုပ်သမားဝန်ကြီးဌာနက MOEAF ကို ဇန်နဝါရီလ ၁၂ ရက်က စာပို့အကြောင်းကြားခဲ့ပါတယ်။MOEAF ကတော့ ဇန်နဝါရီလ ၁၇ ရက်ကစပြီး အေဂျင်စီတွေရဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို ရပ်ဆိုင်းကြောင်း စာထုတ်လိုက်ပါတယ်။” အခုက အကုန်ရပ်လိုက်တာ။ ဘယ်သူမှ လုပ်မရတော့ဘူး။ သူတို့အချင်းချင်းထဲမှာကို ပြဿနာတွေရှိနေတယ်ကြားတယ် ” လို့ အေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ဒီဇင်ဘာလဆန်းကစရပ်ဆိုင်းခဲ့ပြီး MoUစနစ်နဲ့ ပြည်ပသွားအလုပ်လုပ်မယ့်သူတွေ၊ သင်္ဘောသားတွေကို သီးခြားအစီအစဥ်နဲ့ ဆက်လုပ်ပေးနေတာဖြစ်ပါတယ်။အခုအခြေအနေအရ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ပုံစံအားလုံးကို ရပ်လိုက်တာဖြစ်နိုင်တယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။