ဥရောပနိုင်ငံများဆီ မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာ
ဇွန် ၂၁ ရက်
အရုဏ်ဦး၊ Migrant Times
- မြန်မာလုပ်သားတွေအနေနဲ့ အာရှဒေသတွင်းနိုင်ငံတွေအပြင် ဥရောပနိုင်ငံတွေကိုသွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှုတွေရှိလာတယ်လို့ ပြည်ပကိုသွားရောက်ဖို့ပြင်ဆင်နေသူတချို့ထံကသိရပါတယ်။လက်ရှိမှာ ဥရောပနိုင်ငံတချို့က မြန်မာလုပ်သားတွေကိုခေါ်ယူဖို့ကမ်းလှမ်းမှုတွေရှိလာသလို အလုပ်သမားတွေအနေနဲ့လည်း နယ်မြေအသစ်အပေါ် စိတ်ဝင်တစားရှိနေတာလို့ဆိုပါတယ်။”ဂျပန်ဆိုဂျပန်ပဲ စုပြုံနေတော့ ဥရောပဘက်လုပ်သားစျေးကွက်ပွင့်ရင် အဲဒီဘက်ပြောင်း မယ့်သူတွေတော်တော်များများရှိနေတယ်။အခုလည်းအေဂျင်စီတချို့က ပို့ဖို့ရှိတယ်ဆိုလို့လေ့လာနေတယ်”လို့ ပြည်ပကိုအလုပ်သွားလုပ်ဖို့လေ့လာနေသူတစ်ဦးကပြောပါတယ်။
- ဥရောပနိုင်ငံတခုဖြစ်တဲ့ ပိုလန်နိုင်ငံက မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး အလုပ်လျှောက်လွှာတွေလက်ခံနေပြီဆိုပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုဖြစ်တဲ့ Royal Gateကုမ္ပဏီက ကြေညာထားပါတယ်။ဒါဟာ ဥရောပ အလုပ်အကိုင်စျေးကွက်အတွက် ပထမခြေလှမ်းဖြစ်ပြီး နောက်ပိုင်းဆက်တိုက်ခေါ်ယူမှုတွေရှိလာနိုင်တယ်လို့ အေဂျင်စီအသိုင်းအဝိုင်းကဆိုပါတယ်။Royal Gateကုမ္ပဏီကအလုပ်လျှောက်လွှာခေါ်တဲ့အပေါ် စိတ်ဝင်တစားသွားရောက်လျှောက်ထားသူအများအပြားရှိနေတယ်လို့လည်း ကိုယ်တိုင်သွားရောက်လျှောက်ထားခဲ့သူတစ်ဦးကပြောပါတယ်။
- “ကိုယ့်လိုပဲ လာလျှောက်ကြတဲ့သူတွေအများကြီးတွေ့ရတယ်။အဲဒီနိုင်ငံကိုအလုပ်သမားကပထမဆုံးပို့မှာဆိုတော့တချို့ကမရဲတရဲနဲ့ပေါ့”လို့ သူကပြောပါတယ်။အခုလို ဥရောပနိုင်ငံတွေဆီသွားရောက်ဖို့ စိတ်ဝင်စားသူအများစုကတော့ မူလက ဂျပန်နဲ့တောင်ကိုရီးယားကိုသွားရောက်ဖို့ ပြင်ဆင်နေသူတွေဖြစ်တယ်လို့သိရပါတယ်။အဲဒီဥရောပလုပ်သားစျေးကွက်အခြေအနေနဲ့ပတ်သက်လို့အေဂျင်စီတွေရဲ့လုပ်ဆောင်နေမှုကိုတော့ အသေးစိတ်ကို မသိရသေးပါဘူး။