Myanmar Posco သွပ်ပြားစက်ရုံက အလုပ်သမားတွေလစာပြည့် ပြန်ရဖို့ရှိတယ်လို့ဆို
- ဇွန် ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Posco သွပ်ပြားစက်ရုံကအလုပ်သမားတွေကို စက်ရုံဘက်က မူလအတိုင်းလစာအပြည့်ပြန်ပေးဖို့ရှိတယ်လို့ အဲဒီစက်ရုံအလုပ်သမားတချို့ထံကသိရပါတယ်။Myanmar Posco စက်ရုံမှာ အမြတ်ငွေမရလို့ဆိုပြီး အလုပ်သမားတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက လစာရဲ့ ၇၀ ရာခိုင်နှုန်းသာပေးတော့တာဖြစ်ပြီး အခုညှိနှိုင်းမှုတွေလုပ်ပြီးတဲ့အခါ လစာအပြည့်ပြန်ပေးမယ်ဆိုပြီး စက်ရုံဘက်ကပြောလာတယ်လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။
“ လစာကိစ္စအသံတွေထွက်တော့ ဌာနဆိုင်ရာကလာစစ်တယ်။ ပြီးတော့ မူလ လစာပေးဖို့ပြောကြတယ်လို့ပြန်ကြားတယ်” လို့ သူက ပြောပါတယ်။
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်ကလည်း Myanmar Poscoစက်ရုံကအလုပ်သမားတွေကို ဇူလိုင်လကစပြီး လစာအပြည့်ပြန်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းကောင်းရထားတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။Myanmar Posco သွပ်ပြားစက်ရုံဟာ တောင်ကိုရီးယား Poscoလုပ်ငန်းစုနဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်တို့ဖက်စပ်ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

