စင်ကာပူနိူင်ငံကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (NSSA)ရရှိသူများသာစေလွှတ်တော့မယ်လို့ဆို
စက်တင်ဘာ ၉ ရက်
အရုဏ်ဦး၊ Migrant Times
- စင်ကာပူနိူင်ငံရှိဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် (NSSA)ရရှိသူများသာစေလွှတ်တော့မယ်လို့ အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။မနေ့ကပြုလုပ်တဲ့ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)မှာ ဖွင့်လှစ်တဲ့ကြွေပြားကပ်လုပ်သားအလုပ်အကိုင်သင်တန်းဖွင့်ပွဲမှာ သူကပြောကြားလိုက်တာဖြစ်ပါတယ်။အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် SOILBUILD CONSTRUCTION GROUP LTD တို့အကြား ဆောက်လုပ်ရေးလုပ်သားများအဖြစ် လေ့ကျင့်သင်ကြားရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ၊ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူတွေကို စင်ကာပူနိုင်ငံမှာ အလုပ်အကိုင်ရရှိရေး စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ဇူလိုင်၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းသက်တမ်းကာလ (၂) နှစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ဦးမြင့်နောင်ကဆိုပါတယ်။
- စင်ကာပူနိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် NSSA မှ စစ်ဆေးအကဲဖြတ်၍ အရည်အချင်း ပြည့်မီသူတွေကိုသာ စေလွှတ်မှာဖြစ်လို့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိစေရေးအတွက် NSSA ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှုမှာ ဝင်ရောက် ဖြေဆိုရာတွင် အောင်မြင်မှုရှိစေရေး၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက်တဲ့ ကျွမ်းကျင်လုပ်သားများဖြစ်စေရေး သင်တန်းဆရာများမှ သင်ကြားပို့ချသည့် လုပ်ငန်းဆိုင်ရာ စာတွေ့၊ လက်တွေ့ အသိပညာဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာဆောင်ရွက်ကြရန် လိုအပ်တယ်ဆိုပြီးသူကပြောကြားခဲ့တာဖြစ်ပါတယ်။”ကျွမ်းကျင်လုပ်သားတွေပဲ လွှတ်ဖို့ကိစ္စက အေဂျင်စီတွေကို သီးခြားညွန်ကြားထားတာတော့မရှိသေးဘူး။ စီမံချက်လုပ်ငန်းစဥ်တစ်ခုဖြစ်လာနိုင်တယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
- မြန်မာနိုင်ငံက လုပ်သားအများစုဟာ စင်ကာပူနိုင်ငံကိုဆောက်လုပ်ရေးလုပ်သားအနေနဲ့ အများဆုံးသွားရောက်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ အလုပ်သမားအသိုင်းအဝိုင်းကဆိုပါတယ်။အခုလို NSSAလက်မှတ်ရှိသူတွေပဲ လွှတ်တော့မယ်ဆိုရင် ကျန်အလုပ်သမားတွေအတွက် အခက်အခဲရှိလာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။လက်ရှိစင်ကာပူနိုင်ငံမှာ မြန်မာလုပ်သား သောင်းနဲ့ချီရှိနေပြီး ပြည်ပအလုပ်အကိုင်သက်သေခံကတ်ရယူထားသူ ၅၀,၀၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။