ဘန်ကောက်တွင် အဆောက်အအုံပြိုကျမှု သေဆုံးသူ ၃၅ ဦးထိတိုး

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့ ညအထိ သေဆုံးသူ ၃၅ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဧပြီလ ၁၂ ရက်နေ့တွင် B4 နှင့် C1 ဇုန်များမှ ရုပ်အလောင်းများ ထပ်မံရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး အဆောက်အအုံအတွင်း ၅၉ ဦးခန့် ကျန်ရှိနေနိုင်ကာ ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့ စာရင်းများအရ သိရသည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များသည် ၁၆ ရက်မြောက်အဖြစ် သင်္ကြန်ပွဲတော်အတွင်း ကယ်ဆယ် ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက်တွင် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံ Zone B အောက်မှ ဖုန်းမီးဖြင့် အလင်းရောင်အချက်ပြမှုကို ၃ မီတာခန့်အနက်တွင် စောင့်ကြည့်ကင်မရာမှ တစ်ဆင့် တွေ့ရှိခဲ့သည်ဟု ပဲချ်ကဆမ်ဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အနီအောက်ရောင်ခြည် စကင်နာက အပျက်အစီးအောက်တွင် လူသဏ္ဌာန်တစ်ခုကို တွေ့ရှိခဲ့သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များက အောက်ဆီဂျင်ပိုက်များ အရေးပေါ်တပ်ဆင်ကာ အပျက်အစီးများအား ရှင်းလင်းကာ ရှာဖွေခဲ့ကြသည်။

သို့သော်လည်း ဧပြီလ ၁၂ ရက်နေ့ညအထိ ပြိုကျခဲ့သည့် အဆောက်အအုံ Zone B အောက်မှ အချက်ပြမှုတွေ့ရှိသည့်နေရာတွင် အသက်ရှင်ကျန်ရစ်သူ မတွေ့ရသေးကြောင်းကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဌင်းနည်းတူ ဧပြီလ ၁၂ ရက်နေ့တွင် B4 နှင့် C1 ဇုန်များ၌ Urban Search and Rescue (USAR) အဖွဲ့မှ အပျက်အစီးအောက်တွင် လူသဏ္ဌာန်များအား အနီအောက်ရောင်ခြည် စကင်နာမှတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေနေကြသည်။

ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ဦးခန့် ပိတ်မိနေသည့်အတွက် ကျန်ရှိမိသားစုများ ဆက်သွယ်အကြောင်းကြားရန်လိုကြောင်း မြန်မာအလုပ်သမားအရေး ကူညီသည့်အဖွဲ့အချို့က Migrant Times ကိုပြောကြားသည်။

Ref – The Nation
Photo – Fire & Rescue Thailand
ဧပြီလ ၁၂ ရက်နေ့ ၊ ကယ်ဆယ်ရေးလုပ်ငန်းခွင်မြင်ကွင်း။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်