ထိုင်းအမျိုးသမီး လိုက်နှောက်ယှက်သည့် မြန်မာကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက်၌လူသိများသည့် ထိုင်းအမျိုးသမီး (social media influencer) တစ်ဦးအား နောက်ယောင်ခံလိုက်သည့် မြန်မာအမျိုးသားတစ်ဦးကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှသိရသည်။

အသက် ၂၈ နှစ်အရွယ် လူမှုကွန်ရက်စတား လင်ရာဒါ သည် မြန်မာအမျိုးသားတစ်ဦးက နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းခံရမှုနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့အနီးရှိ ဘန်ခွန်ထီရန် ရဲစခန်းအားတိုင်ကြားခဲ့သည်။

သို့သော်လည်း ရဲစခန်းက သူမအား အတွေးများနေခြင်းဖြစ်နိုင်ကြောင်း၊ ဘာမှမဖြစ်လာသေးကြောင်းဖြင့် တိုင်းကြားချက်အား ငြင်းပယ်ခဲ့ကြောင်း လင်ရာဒါက သူမ၏ Sanella Linvar လူမှုကွန်ရက်အကောင့်တွင် ဖော်ပြခဲ့သည်။

မြန်မာအမျိုးသားတစ်ဦးက သုံးရက်တာ နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ကာ တစ်ယောက်တည်း ခရီးသွားရန် ကြောက်ရွံ့နေရကြောင်း ပြောကြားခဲ့သည်။

လင်ရာဒါ၏ လူမှုကွန်ရက်တွင်ဖော်ပြချက်အရ မြန်မာအမျိုးသားတစ်ဦးသည် Instagram မှတဆင့် အင်္ဂလိပ်လိုသူမထံ ဆက်သွယ်ခဲ့ပြီး စွဲလန်းနေသည်ဟုမက်ဆေ့ပို့ခဲ့သည်။

ထို့နောက်သူမအား အလွန်အမင်း မက်ဆေ့ဂျ်များ ဆက်လက်ပို့ဆောင်သည့်အတွက် ဘလော့ခ်ခဲ့သော်လည်း လူမှုမီဒီယာ ပလက်ဖောင်းအမျိုးမျိုးတွင် အကောင့် ၂ဝ ကျော် ဖန်တီးကာ ဆက်လက် မက်ဆေ့ပို့ခဲ့သည်။

ထို့ပြင် ဧပြီလ ၂၆ ရက်နေ့တွင် လင်ရာဒါထံ ကွန်ဒိုအခန်းနံပါတ်သိသည်ဟု ခြိမ်းခြောက်သည့် စာတိုပို့ခဲ့ကြောင်း၊ ကွန်ဒိုအဆောက်အအုံသို့ လာရောက်ပြီး ဧည့်ခန်းတွင် စောင့်ဆိုင်းနေခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဖုန်နံပတ်ကို ရှာဖွေဆက်သွယ်ကာ အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ကြောင်း လင်ရာဒါက လူမှုကွန်ရက်တွင်ဖော်ပြခဲ့သည်။

လင်ရာဒါသည် ရဲတပ်ဖွဲ့ထံ ချက်ခြင်းတိုင်ကြားခဲ့ပြီး မြန်မာအမျိုးသားနှင့်ရဲများရှေ့တွင်တွေ့ဆုံခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သူမကို အနှောင့်အယှက်မပေးရန် ပြောခဲ့ပြီး လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုအမျိုးသားသည် လွတ်မြောက်လာပြီးနောက် သူမအား နှောင့်ယှက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ဧပြီ ၂၈ ရက်နေ့တွင် သူမ၏ကွန်ဒိုသို့ နောက်တစ်ကြိမ် ပြန်လာခဲ့ကာ နောက်ထပ် ခြိမ်းခြောက်သော စာတိုများ ပို့ခဲ့သည်ဟု လင်ရာဒါက လူမှုကွန်ရက်တွင်ရေးသားသည်။

သူမ၏ လူမှုကွန်ရက်တွင်ရေးသားချက်များအား ပြန်လည်မျှဝေသူ များပြားလာပြီးနောက် ရဲတပ်ဖွဲ့က လိုက်နှောက်ယှက်သည့် မြန်မာအမျိုးသားကို ဖမ်းဆီးပြီး ခြိမ်းခြောက်မှုနှင့် အများပြည်သူအနှောင့်အယှက်ဖြစ်စေမှု စွဲချက်များဖြင့် တရားရုံးရှေ့သို့ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုအမျိုးသားအားဒဏ်ငွေ ဘတ် ၁,ဝဝဝ ပေးဆောင်စေခဲ့ပြီး ဥပဒေရေးရာ လုပ်ငန်းစဉ်များပြီးဆုံးသွားပါက ပြည်နှင်ဒဏ်ပေးမည်ဟု ရဲများက ကတိပြုခဲ့ကြောင်း သိရသည်။

Channel 7 ၏ သတင်းအရ ဘန်ခွန်ထီရန် ရဲစခန်းမှ အရာရှိများသည် မသင့်လျော်သော တုံ့ပြန်မှုနှင့် တိုင်ကြားချက်ကို ကိုင်တွယ်ရာတွင် နှောင့်နှေးခဲ့သည့်အတွက် လင်ရာဒါအား တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။

သတင်း – Migrant Times
ကိုးကား၊ဓာတ်ပုံ – Thaiger

Similar Posts