ဂျပန်သွားမည့် လုပ်သား ၃ဝ ခန့် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပထွက်ခွင့်မရ

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံထွက်ခွာမည့်အလုပ်သမား အယောက် ၃ဝ ခန့်သည် စစ်မှုထမ်း အသက်အကျုံးဝင် နေသည့်အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC)မရရှိဘဲ ပြည်ပထွက်ခွင့် အခက်အခဲဖြစ်နေကြသည်။
ပြည်ပမှ ခွင့်ပြန်နှင့် ပြည်ပထွက်ခွာမည့် ကျွမ်းကျင်လုပ်သားများသည် OWIC ကတ်လိုအပ်ပြီး ယင်းအနက် အလုပ်သမား ၁၉၂ ဦးအား OWIC ကတ်အတွက် စာရွက်စာတမ်းလိုအပ်ချက်ရှိကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မေလ ၅ ရက်နေ့တွင် စာရင်းထုတ်ပြန်သည်။
ထိုစာရင်းတွင် ဂျပန်နိုင်ငံထွက်ခွာမည့်သူ ၂၈ ဦးသည် အသက်ကန့်သတ်ချက်တွင် အကျုံးဝင်သည့်အတွက် OWIC ကတ်အတွက် ပြန်လည်တင်ပြရန် အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။

OWIC ကတ်လျှောက်ထားသည့် ခွင့်ပြန်နှင့် ကျွမ်းကျင်လုပ်သား ၁၉၂ ဦးသည် အမည်စာရင်းကွဲလွဲခြင်း၊ ဗီဇာလိုအပ်ခြင်း၊ Work Permit သက်တမ်းကုန်နေခြင်း ၊ COE လိုအပ်ခြင်း၊ EC/DL မပါရှိခြင်း ၊ လေဆိပ်အဝင်နှင့်အထွက်တုံးများမပါရှိခြင်း၊ ခွင့်စာလိုအပ်ခြင်း စသည့် စာရွက်စာတမ်းများလိုအပ်ကြောင်းနှင့် အသက်ကန့်သတ်ချက်တွင် အကျုံးဝင်ခြင်းများရှိသည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ယခုထုတ်ပြန်ချက်အရ ပြည်ပမှခွင့်နှင့်ပြန်လာသူများ စစ်မှုထမ်း အသက်အကျုံးဝင် နေပါက ပြန်လည်ထွက်ခွာခွင့် မရေမရာဖြစ်နေကြောင်း အလုပ်သမားတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ ရက်မှစ၍ အသက် ၁၈ နှစ်မှ ၃၅နှစ်ကြား အမျိုးသားများအား ပြည်ပ ထွက်ခွင့် မပြုတော့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့နောက် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက OWIC ကတ် ထုတ်ပေးခြင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ အကြောင်းပြချက် မရှိဘဲ ရပ်ဆိုင်းခဲ့သည်။
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှု ပိတ်ထားရာမှ မတ်လ ၂ဝ ရက်မှစတင်၍ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။
သတင်း – Migrant Times
Photo – အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့် OWIC ကတ် နမှုနာ ။