ချင်းရိုင်ရှိ အနှိပ်ခန်းတွင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ထိုင်း-မြန်မာအမျိုးသမီးများဖမ်းမိ

ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့လယ်ရှိ အနှိပ်ခန်းတွင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ထိုင်း-မြန်မာအမျိုးသမီးများနှင့် အထောက်အထားမဲ့သူများအား ဖမ်းမိခဲ့ကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ထုတ်ပြန်သည်။
ဌင်းအမျိုးသမီးများအား တစ်ကြိမ်လျှင် ဘတ် ၁ဝဝဝ မှ ၃ဝဝဝ ဖြင့် လျှို့ဝှက် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ညသန်းခေါင် (မေလ ၁၂-၁၃ ရက်) တွင် ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ချင်းရိုင်မြို့၊ ချက်ရော့လမ်းမပေါ်ရှိ နာမည်ကြီးဘုရားကျောင်းအနီးရှိ အနှိပ်ခန်းတစ်ခု၌ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ၊ နိုင်ငံခြားသားများအား အနှိပ်သမားများအဖြစ် ခေါ်ယူခန့်ထားပြီး အခကြေးငွေဖြင့် လျှို့ဝှက် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေး နေကြောင်း တိုင်ကြားမှုများနှင့် သတင်းပေးပို့မှုများ ရရှိပြီးနောက် ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို သုံးထပ်အဆောက်အအုံ ပထမထပ်ကို ဖောက်သည်များ လက်ခံရန်၊ အနှိပ်သမားများနှင့် စကားပြောရန်အတွက် အသုံးပြုထားပြီး ဒုတိယနှင့် တတိယထပ်များအား အခန်းငယ်များ ပိုင်းခြားထားကာ အနှိပ်ခန်းများအဖြစ် အသုံးပြုထားပြီး စုစုပေါင်း ၇ ခန်းရှိကြောင်းသိရသည်။
အဆောက်အအုံ အတွင်းတွင် အမျိုးသမီး ဝန်ထမ်း ၁၇ ဦးရှိပြီး မှတ်ပုံတင်အထောက်အထားမဲ့သူ (နိုင်ငံမဲ့သူ) ၁၅ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး ပါဝင်ကြောင်း၊ ၎င်းတို့အနက် ၂ ဦးမှာ အသက် ၁၈ နှစ်အောက် ဖြစ်ကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ကထုတ်ပြန်သည်။
စုံစမ်းစစ်ဆေးမှုအရအနှိပ်ခန်းမှ အမျိုးသမီးဝန်ထမ်းများသည် ဖောက်သည်များအား လျှို့ဝှက် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် တစ်နာရီလျှင် ဘတ် ၁၀၀၀ မှ ၃၀၀၀ အထိ ကျသင့်ငွေယူကြောင်း၊ ယင်းမှာ အမျိုးသမီး၏ အသက်နှင့် ရုပ်ရည်ပေါ်မူတည်ကြောင်း သိရသည်။
ထို့ကြောင့် မန်နေဂျာနှင့် ဆိုင်ပိုင်ရှင်အား ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ရန် စီစဉ်ခြင်းနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်အား အလုပ်သမားအဖြစ် ခန့်ထားခြင်း တို့ဖြင့် စွဲချက်တင်ခဲ့ကြောင်းသိရသည်။
အမျိုးသမီးငယ်များအား ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် စွဲချက်တင်ခဲ့ပြီး လူကုန်ကူးခံရခြင်းဟုတ်မဟုတ်စစ်ဆေးရန် ဆက်လက်ဆောင်ရွက်နေကြောင်း ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ကထုတ်ပြန်သည်။
News – Migrant Times
Ref/Photo – mgronline