ထိုင်းတွင်လူသတ်မှုဖြင့် အသက် ၂၃ နှစ်အရွယ် မြန်မာတစ်ဦးကိုဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် ၇ဝ နှစ် အရွယ် အားကစားရုံပိုင်ရှင် ထိုင်းလူမျိုးအား သတ်ဖြတ်မှုဖြင့် အသက် ၂၃ နှစ်အရွယ် စိုင်းဟန်ဆိုသူ မြန်မာတစ်ဦးကို မေလ ၁၂ရက်နေ့ ညတွင်ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

စိုင်းဟန်သည် ဘန်ကောက်မြို့၊ ဖက်ချ်ကာဆင်ရဲစခန်းမှ လူသတ်မှုဖြင့်အလိုရှိနေသူဖြစ်ပြီး သတင်းပေးနိုင်သူအား ဘတ် ၂ဝ,ဝဝဝ ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း ဝရမ်းထုတ်ခံထားရသူဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့အဆိုအရ စိုင်းဟန်ဆိုသူသည် မေလ ၁ဝ ရက်နေ့တွင် ဘန်ခဲမြို့နယ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်လုပ်ရာနေအိမ်သို့လာရောက်ခဲ့ကာ သူ၏အမျိုးသမီးအား အန္တရာယ်ပြုရန်လာရောက်ခဲ့သည်။

ထို့ကြောင့် အသက် ၇ဝ နှစ်အရွယ် အလုပ်ရှင်မှ ကာကွယ်ရန်အတွက် စိုင်းဟန်နှင့် တွေ့ဆုံခွင့်မပြုဘဲ သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည်။

စိုင်းဟန်က သေနတ်ရရှိရန် အလုပ်ရှင် မစ္စတာ ယုထရိုချ်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ သေနတ်ကျည်ထွက်ကာ အလုပ်ရှင်အား သေဆုံးစေခဲ့ကြောင်းသိရသည်။

စိုင်းဟန်သည် သေဆုံးသူ မစ္စတာ ယုထရိုချ်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် သေနတ်တစ်လက်၊ မိုဘိုင်းလ်ဖုန်းတစ်လုံးနှင့် သေဆုံးသူ၏ ကားတို့ကို ခိုးယူသွားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

စိုင်းဟန်၏ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးသည် ငါးလတိတိ ကိုယ်ဝန်ရှိနေပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် လက်ရှိ ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

သူမသည် ဧပြီလ ၂၈ ရက်နေ့မှစတင်၍ သေဆုံးသူ မစ္စတာ ယုထရိုချ်၏ အသက် ၉၀ အရွယ် မိခင်ကို ပြုစုရန်အတွက် အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲသည် လုံခြုံရေးကင်မရာ မှတ်တမ်းများမှ တစ်ဆင့် စိုင်းဟန်အား ဆွိုင်အွန်နွတ် ၆၅ ရှိ သူ၏အလုပ်ရှင်နေအိမ်သို့ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် ခြေရာခံမိခဲ့ပြီး မေလ ၁၂ ရက်နေ့ ညတွင်ဖမ်းမိခဲ့သည်။

ယခုအခါတွင် စိုင်းဟန်အား ဖက်ချ်ကာဆင်ရဲစခန်းတွင် စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။

သတင်း – Migrant Times
ကိုးကား၊ဓာတ်ပုံ – Thaiger

Similar Posts