September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာ ၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ဇွန်လ ၁၃ ရက်နေ့တွင်ထုတ်ပြန်သည်။
မဲဆောက်မြို့နယ်တွင် ဇွန်လ ၁ဝ ရက်နေ့၌ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၅ ဦးနှင့် ဇွန်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသား ၂ ဦးအား မဲဆောက်မြို့နယ်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) အနီးနှင့် မဲဆောက်-မယ်တာအို လမ်းမပေါ်တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသားများအား”အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း” ပုဒ်မ ၈ အရ ဖြင့်ဖမ်းဆီးခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် မဲဆောက်ရဲစခန်းထံသို့ လွှဲပြောင်းထားကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။
မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်များအားဖမ်းဆီးနေသည့် အပြင် လျှပ်စစ်စက်ဘီးနှင့် စကူတာများကို အသုံးပြုသူများကိုပါ ဖမ်းဆီးနေပြီး လျှပ်စစ်စက်ဘီးများသည် တရားဝင်သော်လည်း လမ်းပေါ်တွင် အန္တရာယ်ရှိနိုင်သောကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မဲဆောက်ရဲစခန်းက ယနေ့ထုတ်ပြန်သည်။