မြန်မာလုပ်သားများက ထိုင်းအထက်လွှတ်တော်သို့ ‘အစိမ်းရောင်စာအုပ် CI’ ကို ဖျက်သိမ်းပြီး ထိုင်းနိုင်ငံက ထုတ်ပေးသည့် ‘ပန်းရောင်ကတ်'(ဘတ်) တစ်ခုတည်းကိုသာ အသုံးပြုရန် တောင်းဆိုလိုက်ကြောင်း ထိုင်း matichon သတင်းကဖော်ပြသည်။
ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့တွင် Bright Future အဖွဲ့မှ မြန်မာလုပ်သားကိုယ်စားလှယ်များသည် ထိုင်းအစိုးရအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) “အစိမ်းရောင်စာအုပ်” ကို အသုံးပြုခြင်းကို ရပ်ဆိုင်းပေးရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးသော “ပန်းရောင်ကတ်” ကို မြန်မာလုပ်သားများအတွက် အဓိကစာရွက်စာတမ်းတစ်ခုတည်းအဖြစ် အသိအမှတ်ပြုရန် ထိုင်းအထက်လွှတ်တော်သို့ တောင်းဆိုချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယခုတောင်းဆိုချက်သည် ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် ရှုပ်ထွေးမှုနှင့် ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်ရည်ရွယ်ကြောင်း Bright Future အဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတာ ဝီရ ဆန်ထောင်ကပြောသည်။
“အစိမ်းရောင်စာအုပ် CI” သည် လုပ်သားများအား မြန်မာအာဏာပိုင်များက ရယူရသည့် စာရွက်စာတမ်းဖြစ်ကြောင်း သူကရှင်းပြသည်။ CI သည် လုပ်ငန်းစဉ်များ ရှုပ်ထွေးပြီး နှေးကွေးခြင်းအပြင် လစဉ် ဝင်ငွေ၏ ၂၅ % ကို မြန်မာနိုင်ငံသို့ ပြန်လွှဲပေးရန် အတင်းအကျပ် တောင်းဆိုခြင်းဖြင့် ငွေညှစ်ရန်အတွက် ကိရိယာတစ်ခုအဖြစ် အသုံးပြုခံနေရသည်ဟုလည်း ဝီရဆန်ထောင်က ပြောကြားသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံကို ပေးဆောင်ရသည့် အခွန်နှင့် အခြားကုန်ကျစရိတ်များအပြင် CI အတွက် ကုန်ကျငွေနှင့်လစဉ်အခွန်အခသည် ထပ်လောင်းဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ဝီရဆန်ထောင်ကပြောသည်။
မြန်မာလုပ်သားများသည် ထိုင်းစီးပွားရေးကို အထောက်အကူပြုလိုပြီး ထိုင်းနိုင်ငံကိုသာ အခွန်ပေးဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက အလေးထားပြောကြားသည်။
အထက်လွှတ်တော်အမတ်ဖြစ်သူ မစ္စတာ ထေဝရစ် မဏီဆိုင်းက ယခုတောင်းဆိုချက်ကို ဆက်လက်ဆောင်ရွက်ပေးမည်ဟု အတည်ပြုခဲ့ကြောင်း၊ ထိုင်း အလုပ်သမားရေးရာ ကော်မတီ၏တာဝန်မှာ ထိုင်းနိုင်ငံသားနှင့်နိုင်ငံသားမဟုတ်သော လုပ်သားအားလုံး၏ အခွင့်အရေးနှင့် သက်သာချောင်ချိရေးကို ဂရုစိုက်ရန်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုထိုင်းသတင်းကဖော်ပြသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity : CI) ထုတ်ပေးသည့် ဝန်ဆောင်မှုစင်တာများအား ယနေ့ဩဂုတ်လ ၅ ရက်မှစတင်ကာ ခရိုင် ၄ ခုတွင် နိုဝင်ဘာလ ၅ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အထက်လွှတ်တော်အမတ်နှင့်Bright Future အဖွဲ့။