September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ၁ သောင်း နီးပါးကို ရုပ်သိမ်း

ဩဂုတ် ၂၃ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် အလုပ်လုပ်ကိုင်မှုများအား နှိမ်နင်းရန်အတွက်ပညာရေးဆိုင်ရာ စံနှုန်းများဖြင့် မပြည့်မီသည့် နိုင်ငံခြားသား ၁ဝ,ဝဝဝနီးပါး၏ ကျောင်းသားဗီဇာများကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

၂ဝ၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ စတင်ပြီး ကာလတိုပရိုဂရမ်များတွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်ရန်အတွက် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း သိရသည်။

အဆင့်မြင့်ပညာရေးဝန်ကြီး မစ္စဆူဒါဝမ်က ဝန်ကြီးဌာနသည် ကာလတိုပညာရေးအစီအစဉ်များဖြင့် ဗီဇာရယူထားသည့် နိုင်ငံခြားကျောင်းသားများကို စောင့်ကြည့်ရန် အတွက် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည့်စုံသည့် အချက်အလက် ဒေတာဘေ့စ်စနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း ပြောကြားသည်။

စည်းမျဉ်းအသစ်များအရ သက်ဆိုင်ရာပညာရေးဌာနများက နိုင်ငံခြားကျောင်းသားများ ကျောင်းတက်ရောက်ခြင်းရှိမရှိကို ဝန်ကြီးဌာန၏ နိုင်ငံခြားကျောင်းသားခြေရာခံ ဒေတာဘေ့စ်မှတစ်ဆင့် လစဉ်တိုးတက်မှုအစီရင်ခံစာများကို တင်ပြခဲ့ကြောင်းသိရသည်။

ဒေတာဘေ့စ်မှရှရိသည့် အချက်အလက်များဖြင့် စည်းမျဉ်းအသစ်များဖြင့် မကိုက်ညီသည့် နိုင်ငံခြားသား ၁ဝ,ဝဝဝ နီးပါး၏ ကျောင်းသားဗီဇာများကို ရုပ်သိမ်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီး ယောဆတ် ရတ်ဆုဝမ်က လူဝင်မှုကြီးကြပ်ရေးအရာရှိ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကာလတိုပညာရေးအစီအစဉ်များဖြင့် ဗီဇာရယူထားသည့် နိုင်ငံခြားကျောင်းသားများကို စောင့်ကြည့်ရန် အတွက် လိုအပ်ချက်များရှင်းလင်းရန်နှင့် ဒေတာဘေ့စ်စနစ်အသစ် ပုံမှန်အကောင်အထည်ဖော်နိုင်ရန် အစည်းအဝေးတစ်ခုကို လာမည့် စက်တင်ဘာလအတွင်း ကျင်းကမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Ref/Photo – khaosod