စက်တင်ဘာ ၁၇ ၊ Migrant Times ။
မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း
ထိုင်းမိုးလေဝသဌာန (TMD) က သတိပေးသည်။ ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။
အပူပိုင်းမုန်တိုင်းငယ်တစ်ခုသည် တရုတ်ပင်လယ်တောင်ပိုင်းသို့ ရွေ့လျားပြီး အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာမည်ဟု ခန့်မှန်းထားသည်။ ထိုင်းမိုးလေဝသဌာန (TMD) ၏ ယနေ့ ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် လာမည့်ရက်များတွင် ပိုမိုအားကောင်းလာမည်ဖြစ်သည်။
ထိုင်းနိုင်ငံအနှံတွင် နေရာကွက်ကျား မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားပြီး အထူးသဖြင့် အရှေ့ပိုင်းတွင် မိုးအလွန်သည်းထန်စွာရွာသွန်းနိုင်သည်။ ပြည်သူများအနေဖြင့် မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးရေလျှံမှုများ သတိထားရန် အကြံပြုထားသည်။
ယနေ့ နံနက်မှ နောက် ၂၄ နာရီအတွင်း တက်ခ်၊ ဆူခိုထိုင်းနှင့် ဖစ်ချဘွန်တို့တွင် နေရာကွက်ကျား မိုးကြီးခြင်း၊ နွန်ခိုင်း၊ ဘွမ်ကန်၊ ဆာကွန်နခွန်၊ နခွန်ဖနွန်၊ မုခ်ဒါဟန်၊ ယာသော့ထွန်၊ အမ်နပ်ချာရိုအန်၊ နခွန်ရာ့ချ်ဆီမာ၊ ဘူရီရမ်၊ ဆူရင်၊ ဆီဆာကက်နှင့် ဥဘွန်ရာ့ချ်ထာနီတို့တွင် နေရာအနှံ့အပြား မိုးကြီးခြင်း၊ ဥထိုင်းထာနီ၊ အယုဒ္ဓယ၊ စာရာဘူရီ၊ ကန်ချနာဘူရီ၊ ဆူဖန်ဘူရီ၊ ရာ့ချ်ဘူရီ၊ ဆမွတ်ဆွန်ခရမ်၊ ဆမွတ်စာခွန်နှင့် နခွန်ပထုန်တို့တွင် နေရာအနှံ့အပြား မိုးကြီးနိုင်ကြောင်း ထုတ်ပြန်သည်။
ထိုင်းအရှေ့ပိုင်း၊ တောင်ပိုင်း နှင့် ဘန်ကောက်မြို့တော်ဝန်းကျင်တွင်လည်း နေရာအနှံ့အပြား မိုးကြီးနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၇ ရက် ၊ ၈ ရက်နေ့များကလည်း မိုးသည်းထန်မှုကြောင့် ဘန်ကောက်မြို့၊ စမွတ်ပရာကန်၊ ပတ္တရားမြို့နှင့် လရောင်မြို့နယ်များရှိ လမ်းအချို့ရေလွှမ်းမိုးခဲ့သည်။
စက်တင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်၌ အသက် ၁၇ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးသည် ရေကြီးနေသည့်လမ်းပေါ်တွင် ဆိုင်ကယ်တွန်းသွားရင်း လျှပ်စစ်ဝိုင်ယာကြိုးရှိသည့် ကွန်ကရစ်တုံးကိုကိုင်မိရာက ဓာတ်လိုက် သေဆုံးခဲ့သည်။
အလားတူ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချာစီမာခရိုင်၊ ဖီမိုင်မြို့နယ်၊ ရန်ကာရိုင်ရပ်ကွက်၊ ဘန်ရန်ကာရိုင်တွင် စက်တင်ဘာလ ၈ ရက်နေ့၌ ရေကြီးချိန်တွင် ဆိုင်ကယ်မောင်းခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရေထဲမျောပါသွားကာ သေဆုံးခဲ့သည်။
ဓာတ်ပုံ – ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့၌ လမ်းရေလျှံနေသည့်မြင်ကွင်း။
Photo – Migrant Times
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes