စက်တင်ဘာ ၂၁ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်-တာ့ခ်လမ်းပေါ်ရှိ (Huai Yau) လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် ယနေ့စက်တင်ဘာလ ၂ဝ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံသား (၃) ဦးအား တရားမဝင်ဝင်ရောက်မှုဖြင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့ကြောင်း မဲဆောက်ဒေသတွင်း သတင်းမှသိရသည်။
ထိုစစ်ဆေးရေးဂိတ်တွင် အညိုရောင် Toyota Camry ကားတစ်စီးသည် မဲဆောက်ခရိုင်မှ တာ့ခ်ခရိုင်ဘက်သို့ မောင်းနှင်လာစဉ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ ကားနောက်ခုံ လျှို့ဝှက်အကန့်အတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃ ဦး ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသား ၃ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် မည်သည့်အထောက်အထားမှ ပြသနိုင်ခြင်းမရှိသည့်အတွက် ယာဉ်မောင်းနှင့်အတူ ဥပဒေအရ အရေးယူရန် တာ့ခ်ခရိုင် ဖဝေါမြို့မရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာများဆက်တိုက် ဖမ်းဆီးခံနေရသည်။ စက်တင်ဘာလ ၁၈ ရက်ညကလည်း ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် ဆိုင်ကယ် ၄ စီးဖြင့်တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၀ ဦးအား ဖမ်းဆီးခဲ့ကြောင်း နရဲစွမ် အထူးတပ်ဖွဲ့(Naresuan Task Force) ကထုတ်ပြန်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း လမ်ပန်း-လမ်ဖွန်အမြန်လမ်းမပေါ်တွင် တရားမဝင်ဝင်ရောက်သည် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ဘတ်စ်ကားဒရိုင်ဘာနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း အမြန်လမ်းမရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မနက်ကလည်း ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ Migrant Times ကလေ့လာထားသည့်အချက်များအရ ယခု စက်တင်ဘာလ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၇ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဓာတ်ပုံ – เอก เกียรติศักดิ์ แม่สอด