September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ဘန်ကောက်တွင် ဘတ် ၈ သန်း ခန့်တန်ဖိုးရှိ တရားမဝင် ဆီလီကွန် ပစ္စည်းများ ဖမ်းမိ

စက်တင်ဘာ ၂၂၊ Migrant Times။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုတွင် အွန်းလိုင်းမှတစ်ဆင့် ရောင်းချနေသည့် တရားမဝင် ဆီလီကွန် ခွဲစိတ် အစားထိုး ပစ္စည်း ၁၄,ဝဝဝ ကျော်ကို ရဲများက ဝင်ရောက်သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် စားသုံးသူ အကာအကွယ်ပေးရေး ရဲတပ်ဖွဲ့နှင့် FDA အရာရှိများသည် ယင်းဂိုဒေါင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆီလီကွန်နှာခေါင်း စိုက်သွင်းသည့်ပစ္စည်း ၁၃,၀၂၁ ခု၊ မေးစေ့ အစားထိုးသည့်ပစ္စည်း ၁,၄၀၄ ခုနှင့် ဆေးဝါးအမျိုးအစား ၁၅ ခုတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အလှကုန်ခွဲစိတ်မှုတွင်အသုံးပြုသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို အွန်လိုင်းတွင်တရားမ၀င်ရောင်းချနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တိုင်ကြားမှုကြောင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)ကလည်း ထုတ်ပြန်သည်။
ကုန်ပစ္စည်းတန်ဖိုးမှာ ထိုင်းဘတ်ငွေ ရှစ်သန်းခန့်ရှိပြီး FDA ထံတွင် တရားဝင်ခွင့်ပြုချက်နှင့် မှတ်ပုံတင်ထားခြင်း မရှိသေးကြောင်း သိရသည်။ FDA လက်ထောက်အထွေထွေအတွင်းရေးမှူးကလည်း ဆေးဘက်ဆိုင်ရာအဆင့်မီသည့် ဆီလီကွန်ကိုသာ အသုံးပြုရန် လိုအပ်ပြီး ခွင့်ပြုချက်မရှိသော ထုတ်ကုန်များသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်းပြောကြားသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ဂိုဒေါင်တွင် အသက် ၃၄ နှစ်ရှိ မန်နေဂျာအမျိုးသားတစ်ယောက်သာ ရှိနေပြီး အွန်လိုင်းပလက်ဖောင်းများနှင့် အလှပြင်ဆေးခန်း အနည်းဆုံး ၂ဝ ခုအားကုန်ပစ္စည်းများကို ၃ နှစ်နီးပါး ရောင်းချခဲ့သည်ဟု ထိုအမျိုးသားက ဝန်ခံခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ကိုးကား၊ဓာတ်ပုံ – ဘန်ကောက်ပို့စ်