စက်တင်ဘာ ၂၂ ၊ Migrant Times။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ (စက်တင်ဘာ ၂၂ရက်) စတင်ကျင်းပသည့် The European Union Mobility Programme for Myanmar (EMPM) ကျောင်းသားဟောင်းတွေ့ဆုံပွဲတွင် မြန်မာကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
EMPM ကျောင်းသားဟောင်းတွေ့ဆုံပွဲကို King Mongkut’s University of Technology Thonburi(KMUTT) တွင်ကျင်းနေပြီး ပညာသင်ဆုရခဲ့သည့် မြန်မာကျောင်းသား ၆ဝခန့်က လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး အခြားကျောင်းသား ၂ဝခန့်က အွန်လိုင်းက တစ်ဆင့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
“အခုပွဲကတော့ ကျောင်းသားတွေအနေနဲ့ ဘာဆက်လုပ်မယ်၊ ဘာတွေကြုံတွေ့ခဲ့ရတယ်ပြောကြတယ်၊ ပြီးရင် ရှေ့ဆက်လျှောက်မဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပါမောက္ခတွေနဲ့ ဆွေးနွေးရတယ်” ဟု ထိုင်းတောင်ပိုင်းမှ တက်ရောက်လာသည့် EMPM မြန်မာကျောင်းသား ကိုသိန်းထိုက်စံက Migrant Times ကိုပြောသည်။
၄င်းပွဲကို စက်တင်ဘာ ၂၂ရက်နေ့နှင့် ၂၃ရက်နေ့ နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး မြန်မာကျောင်းသားများ၊နိုင်ငံခြားကျောင်းသားကျောင်းသူများ၊ KMUTT တာဝန်ရှိသူများ၊ ပါမောက္ခများ၊ EMPM ၏ အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း လူဦးရေ ၁ဝဝ ကျော်တက်ရောက်နေကြောင်း သိရသည်။
EMPM ပရိုဂရမ်သည် ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးထားခြင်းဖြစ်ပြီး ၂ဝ၂၃ ဇန်နဝါရီလမှ ၂၀၂၆ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
Photo – Migrant Times