စက်တင်ဘာ ၂၄ ၊ Migrant Times။
ထိုင်းနိုင်ငံ၊ စရပူရီပြည်နယ်တွင် ကားတစ်စီးပေါ်၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးအား ယနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
စရပူရီ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့သည် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး သံသယဖြစ်ဖွယ် ကားတစ်စီးကို ရှာဖွေစဉ်အတွင်း ပတ်ပို့စ်နှင့်ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများမပါရှိသည့် မြန်မာအလုပ်သမား ၈ ဦးအား ပြွတ်သိပ်စီးနင်းလိုက်ပါလာသည်ကို တွေ့ရှိခဲ့ကြောင်းထုတ်ပြန်သည်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ကားမောင်းသူအားစစ်ဆေးရာ အမည်မသိ ထိုင်းအမျိုးသားတစ်ဦးက အက်ပလီကေးရှင်းတစ်ခုမှတစ်ဆင့် ဆက်သွယ်ခဲ့ကြောင်း၊ နခွန်ဆဝမ်ပြည်နယ်မှ မြန်မာအလုပ်သမား ၈ ဦးကို သွားရောက်ခေါ်ဆောင်ရန် ပြောဆိုခဲ့ပြီး တစ်ဦးလျှင် ဘတ် ၁,ဝဝဝ ရရှိခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမားများကလည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၉,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ပြောကြားသည်။ ၎င်းတို့အားလုံးကို ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာများဆက်တိုက် ဖမ်းဆီးခံနေရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း လမ်ပန်း-လမ်ဖွန်အမြန်လမ်းမပေါ်တွင် တရားမဝင်ဝင်ရောက်သည် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ဘတ်စ်ကားဒရိုင်ဘာနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း အမြန်လမ်းမရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မနက်ကလည်း ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုင်းသတင်းများအရ ယခု စက်တင်ဘာလ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၈ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – Highway Police