
စက်တင်ဘာ ၃ဝ ၊ Migrant Times ။
ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၂,ဝဝဝ ကျော်ကို ပထမဆုံးအသုတ်အဖြစ် ထိုင်းတွင် အလုပ်လုပ်ခွင့်ပေးမည်ဟု အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Pichet Thongphan က The Reporters သတင်းဌာနနှင့် အင်းတာဗျူးတွင် ယနေ့ ပြောကြားသည်။
မြန်မာစစ်ရှောင် ဒုက္ခသည် ၁၂,ဝဝဝ ကျော်ကို နံနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ထိုင်းနိုင်ငံတွင်းတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် စတင်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Pichet က စစ်ဘေးရှောင် ဒုက္ခသည်များသည် လုပ်သား ရှားပါးမှုကို သက်သာစေမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ခွင့်ကို တရား၀င် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့တွင် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အရ နယ်စပ်ရှိ မြန်မာဒုက္ခသည်များအား တိုင်းနှင့်ပြည်နယ် (၄)ခုတွင် ယာယီ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် လုပ်ကိုင်ခွင့်ပြုထားသည်။
အလုပ်အကိုင်ဦးစီးဌာန၏ စစ်တမ်းအရ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများတွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြား လုပ်သား ၄၂,၆၀၁ ဦးရှိပြီး ယင်အနက် လျှောက်ထားသူ ၁၂,၀၀၀ ဦးသည် ချက်ချင်းအလုပ်ဆင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
၎င်းအပြင်ထိုင်း အလုပ်ရှင် ၆၁၅၂ ဦးသည် အလုပ်သမားများရှာဖွေနေပြီး အလုပ်ရှင် ၁၂၀၀ က အလုပ်သမားဌာနသို့ အကြောင်းကြားထားကြောင်း သိရသည်။ ထိုင်းရှိ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းခွင့်များတွင် အလုပ်သမားများ လိုအပ်ချက်မြှင့်မားနေကြောင်း သိရသည်။
ထိုင်းအရှေ့မြောက်နှင့် တောင်ပိုင်း ပြည်နယ်များမှအပ ကျန်ရှိသည့် ပြည်နယ် (၄၃) ခုတွင် မြန်မာအလုပ်သမားများ ရောက်ရှိလာချိန်တွင် ကျန်းမာရေး စစ်ဆေးမှုခံယူခြင်း၊ ကျန်းမာရေးအာမခံ ဆောင်ရွက်ခြင်းနှင့် တစ်နှစ်ထက်မပိုသော အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များကို ခရိုင်အလုပ်ခန့်ထားမှုရုံးမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်အကိုင်ဦးစီးဌာနမှသိရသည်။
Ref – The Reporters
ဓာတ်ပုံ – ထိုင်းနယ်စပ် တာ့ခ်ခရိုင်ရှိ မယ်လ ဒုက္ခသည်စခန်း။ (Photo: UNHCR)
Website https://www.migranttimes.com/
Telegram https://t.me/migranttimes