နိုဝင်ဘာ ၇ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိသော်လည်း သက်တမ်းကုန်ဆုံးသွားသော မြန်မာ၊ လာအို၊ ၊ ဗီယက်နမ် နိုင်ငံသား အလုပ်သမားများအား အလုပ်လုပ်ရန်အတွက် ၁ နှစ်တာကာလ ယာယီနေထိုင်ခွင့်ပြုရန် ယနေ့ (နိုဝင်ဘာ ၇)နံနက်၌ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး မစ္စ ထရီနုချ် ထိုင်းယန်ထောင်းက ယနေ့ ကျင်းပခဲ့သည့် ဆွေးနွေးပွဲသည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့စွဲပါ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမား မလုံလောက်ခြင်းကို ဖြေရှင်းရန်နှင့် ချမှတ်ထားသည့် အစီအမံများကို ပြန်လည်သုံးသပ်ရန်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် နေထိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံးသွားသော လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံသား အလုပ်သမားများအား အလုပ်လုပ်ရန်အတွက် ၁ နှစ်တာကာလ ယာယီနေထိုင်ခွင့်ပြုရန် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးနှင့်တာဝန်ရှိသူများက ပြောကြားသည်။
ထိုင်းတွင်လက်ရှိ နေထိုင်နေသည့် ကမ္ဘောဒီးယားနိုင်ငံသားများနှင့် ယခင်ကနေထိုင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ကမ္ဘောဒီးယားနိုင်ငံသားများသည် အလုပ်အကိုင်ဦးစီးဌာနမှ သတ်မှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ပြောကြားသည်။
သက်တမ်းတိုးခွင့်ပြုမည့် အလုပ်သမား များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ခွင့်ပြုထားသူများ) နှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်အထိ ခွင့်ပြုထားသူများ) ဖြစ်သည်။
အလုပ်ရှင်များက အလုပ်သမားများ၏ လက်ရှိအလုပ်ပါမစ် သက်တမ်းမကုန်ဆုံးမီ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ အလုပ်ပါမစ်သက်တမ်းတိုး လျှောက်လွှာကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအလုပ်ရှင်များသည် နိုင်ငံခြားသားအလုပ်သမားတစ်ဦးလျှင် ဘတ် ၁,၀၀၀၊ အများဆုံး ဘတ် ၁၀၀,၀၀၀ အထိ အာမခံကြေးတင်ထားရန် လိုအပ်မည်ဖြစ်ပြီး အလုပ်သမားများကို ၎င်းတို့၏ ဇာတိနိုင်ငံသို့ ပြန်ပို့ဆောင်ရေး ကုန်ကျစရိတ်အတွက် အလုပ်ရှင်များက ဆက်လက်တာဝန်ယူရမည်ဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။
ယနေ့ကျင်းပခဲ့သည့် ဆွေးနွေးပွဲ ဆုံးဖြတ်ချက် အကျဉ်းချုပ်ကို အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရန် အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။
နိုင်ငံခြားသားအလုပ်သမားများသည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ တရားဝင် အမိန့်ကြေညာချက်များ ထုတ်ပြန်ပြီးမှသာ သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အလုပ်ရှင်များနှင့် နိုင်ငံခြားသားအလုပ်သမားများသည် အလုပ်အကိုင်ဦးစီးဌာန၏ ဝဘ်ဆိုဒ် (doe.go.th) မှတစ်ဆင့် သတင်းအချက်အလက်များနှင့် လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကို အနီးကပ် စောင့်ကြည့်ရန် အကြံပြုထားသည်။
ထို့ပြင် ဘန်ကောက်အလုပ်အကိုင်ရုံးများ (ဧရိယာ ၁-၁၀)၊ တိုင်းနှင့်ပြည်နယ် အလုပ်အကိုင်ရုံးများ သို့မဟုတ် အလုပ်သမားဝန်ကြီးဌာန ဟော့လိုင်း (၁၅၀၆၊ လိုင်းခွဲနံပါတ် ၂ – အလုပ်အကိုင်ဦးစီးဌာန) သို့ ဆက်သွယ်မေးမြန်းရန် အလုပ်သမားဝန်ကြီးဌာနက အကြံပြုထားသည်။
ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ၊ နေထိုင်ခွင့်ကုန်ဆုံးနေသူများကို ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) ပန်းရောင်ကတ် လုပ်ပေးသည့်လုပ်ငန်းစဉ်ကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဟု အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး နောက်တရက်တွင် ထိုင်းနယ်စပ် အခြေအနေ မတည်ငြိမ်မှုကြောင့်ဟုဆိုကာ ယာယီရပ်ဆိုင်းခဲ့သည်။
