နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ဓာတ်တိုင်ဝင်တိုက်သည့် ကားအတွင်းက မြန်မာ ၂၁ ဦး ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးခံရ

နိုဝင်ဘာ ၁ဝ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ကန်ချနပူရီခရိုင်၊ ဆန်ခလာဘူရီမြို့နယ်တွင် ပစ်ကပ်ကားတစီးသည် ဓာတ်တိုင်ဝင်တိုက်မိခဲ့ပြီး ၎င်းကားအတွင်းက မြန်မာအလုပ်သမား ၂၁ ဦး ထိခိုက်ဒဏ်ရာများရရှိကာ ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့၌ ဆန်ခလာဘူရီရှိစစ်ဆေးရေးဂိတ်တခုတွင် ပစ်ကပ်ကားတစီးအား ရဲများကရပ်တန့်ရန်အချက်ပြခဲ့သည်။ ၎င်းကားသည်ရပ်တန့်ခြင်းမရှိဘဲ ဆန်ခလာဘူရီ-ထောင်းဖဖုန် လမ်းပိုင်းဘက်သို့ ထွက်ပြေးစဉ် အရှိန်မထိန်းနိုင်ပဲ ဓာတ်တိုင်ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်းသည် ရဲတပ်ဖွဲ့မလာရောက်မီတွင် ထွက်ပြေးတိန်းရှောင်သွားခဲ့ပြီး ကားအတွင်းရှိ မြန်မာအလုပ်သမား ၂၁ ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။

မြန်မာအလုပ်သမား ၂၁ ဦးအား ဆန်ခလာဘူရီဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်းအနက် ၃ ဦးသည် စောင့်ကြည့်ရန်လိုအပ်သည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဖော်ပြသည်။
မြန်မာအလုပ်သမားများသည် စာရွက်စာတမ်းအထောက်အထားများမပါရှိပဲ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန် နယ်စပ်မှတရားမဝင် ဝင်ရောက်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။ ၎င်းတို့အား စုံစမ်းစစ်ဆေးနေပြီး ဆန်ခလာဘူရီရဲစခန်းက အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ၊ အယုဒ္ဓယပြည်နယ်၊ မဟာရတ်၊ သာတိုမြို့နယ်ခွဲတွင် ကားတစီး အနောက်အတွင်း ပုန်းပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၆ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ ထိုင်းသတင်းများ ဖော်ပြချက်အရ အောက်တိုဘာလအတွင်း နယ်စပ်မှ ခိုးဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇ဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ၊ နေထိုင်ခွင့်ကုန်ဆုံးနေသူများကို ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) ပန်းရောင်ကတ် လုပ်ပေးသည့်လုပ်ငန်းစဉ်ကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဟု အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး နောက်တရက်တွင် ထိုင်းနယ်စပ် အခြေအနေ မတည်ငြိမ်မှုကြောင့်ဟုဆိုကာ ယာယီရပ်ဆိုင်းခဲ့သည်။

လက်ရှိ ဘတ်လုပ်ခွင့်ယာယီရပ်ဆိုင်းထားချိန်တွင် အထောက်အထားမရှိသည့် မြန်မာအလုပ်သမားများ အဖမ်းခံရနိုင်သည့်အတွက် သတိဖြင့်သွားလာ နေထိုင ကြရန် ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်သူအချို့က Migrant Times ကိုအကြံပြု ပြောကြားထားသည်။

Photo – thai rath