နိုဝင်ဘာ ၁ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအတွက် အလုပ်လုပ်ခွင့်ပါမစ်များအား ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်မည်ဖြစ်ပြီး ထိုင်းနိုင်ငံအား လိမ်လည်သူများ၏ အခြေစိုက်စခန်း မဖြစ်စေရန် ကတိပြုကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ် ထီယန်ထောင်း ကပြောကြားသည်။
၎င်းက နိုင်ငံခြားသားများအတွက် အလုပ်လုပ်ခွင့်ပါမစ်များ ထုတ်ပေးရာ၌ ပိုမိုတင်းကျပ်စွာ စစ်ဆေးမှုများ မြှင့်တင်ရန် အလုပ်အကိုင်ဦးစီးဌာနနှင့် တစ်နိုင်ငံလုံးရှိ လက်အောက်ခံအဖွဲ့အစည်းများကို အရေးပေါ်အမိန့်ပေးထားကြောင်း အလုပ်သမားဝန်ကြီးဌာန ဝက်စ်ဆိုက်က ယနေ့ထုတ်ပြန်သည်။
မစ္စထရီနွတ်ချ်က လက်ရှိတွင် အချို့သော နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများသည် ထိုင်းနိုင်ငံ နယ်စပ်များရှိ အဓိကစီးပွားရေးဇုန်များတွင် ရှေ့ပြေးအခြေစိုက်ရာနေရာများအဖြစ် အသုံးပြုရန် ကြိုးပမ်းနေကြောင်း ပြောကြားသည်။
အလုပ်အကိုင်ဦးစီးဌာနအား စာရွက်စာတမ်းနှင့် အထောက်အထားများအား သေချာစွာ စစ်ဆေးရန်၊ လုံခြုံရေးအေဂျင်စီများနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့နှင့် ပူးပေါင်း၍ နိုင်ငံခြားသားအလုပ်သမားများအား အတင်းကျပ်ဆုံး စိစစ်စစ်ဆေးမှုများ ပြုလုပ်ရန် မစ္စထရီနွတ်ချ်က အမိန့်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ထိုင်းရှိ နိုင်ငံခြားသားများသည် အလုပ်လုပ်ခွင့်ပါမစ်များကို ရာဇဝတ်မှုများတွင် အသုံးပြုနေပြီး အွန်လိုင်း လိမ်လည်မှုများတွင် ပါဝင်နေကြောင်း တွေ့ရှိရပါက ၎င်းတို့၏ ပါမစ်များကို ရုပ်သိမ်းပြီး ခြွင်းချက်မရှိ တရားစွဲဆိုရန်အတွက် အာဏာပိုင်များထံ အပ်နှံသွားမည်ဟု မစ္စထရီနွတ်ချ်က ပြောသည်။
အလုပ်သမားဝန်ကြီးဌာနသည် အလုပ်လုပ်ခွင့်ပါမစ်များအား အလွဲသုံးစားလုပ်ခြင်းကို ပြင်းထန်စွာ တားဆီးနှိမ်နင်းရန် အေဂျင်စီအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ် ထပ်လောင်းပြောကြားသည်။
ထိုင်းတပ်မတော်၏ နိုဝင်ဘာလဆန်းထုတ်ပြန်ချက်အရ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်ဘက်ခြမ်း KK Park ရှိအွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်လုပ်ကိုင်သူများအား စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ်သို့ ထွက်ပြေးတိန်းရှောင်လာသည့် နိုင်ငံခြားသား ၁၅ဝဝ ကျော်ရှိပြီး ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ အသုတ်လိုက်ပြန်ပို့နေသည်။
ဓာတ်ပုံ – အလုပ်သမားဝန်ကြီး မစ္စထရီနွတ်ချ် ။
Photo – กระทรวงแรงงาน
