နိုဝင်ဘာ ၁၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ကန်ချနပူရီခရိုင်၊ နောင်ဘူရပ်ကွက်ရှိ အခန်းတခန်းအတွင်း ပုန်းအောင်းနေသည့် မြန်မာအလုပ်သမား ၂၉ ဦးအား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့သည် မသင်္ကာဖွယ် ကားတစ်စီးကို လိုက်လံစုံစမ်းခဲ့ပြီး ၎င်းအခန်းရှေ့အရောက်တွင်တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့က အခန်းကိုရှာဖွေရာတွင် မြန်မာနိုင်ငံသား လုပ်သား ၂၉ ဦး (အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၄ ဦး) တို့ကို အထုပ်အပိုးများနှင့်အတူ တွေ့ရှိခဲ့သည်။ ၎င်းတို့သည် ပတ်စ်ပို့ နှင့် စာရွက်စာတမ်းများမပါရှိပဲ ဆာမွတ်ဆာခွန်ခရိုင်သို့ ဆက်လက်မသွားမီ ခေတ္တနားခိုရန် နေကြသည်ဟု ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ရဲတပ်ဖွဲ့က ယာဉ်မောင်းကိုလည်း စစ်ဆေးခဲ့ပြီး ၎င်းကမြန်မာအလုပ်သမားများအား တစ်ဦးလျှင် ၁,၂၀၀ ဘတ်ဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၄ နာရီခန့်၌ ဝပ်လီကျီးယာ အနီးရှိ တောထဲမှ သွားရောက်ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။
မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန်အတွက် စံခလပူရီဘက်မှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့သည် မြန်မာပွဲစားကို ဘတ် ၅၅,၀၀၀ မှ ၆၅,၀၀၀ အထိ ခရီးဆုံးရောက်တွင် ပေးချေရမည်ဟု ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
မြန်မာအလုပ်သမား ၂၉ ဦးနှင့် ထိုင်းလူမျိုးယာဉ်မောင်းတို့ကို ဥပဒေအရ အရေးယူနိုင်ရန် ကန်ချနပူရီ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့ တရက်တည်း၌ ကန်ချနပူရီခရိုင်၊ မဲကလောင်မြစ်အနီး အဝေးပြေးလမ်းမတနေရာတွင် ကားတစီးပေါ်လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
Photo – Top News


