နိုဝင်ဘာ ၁၈ ၊ Migrant Times ။
– မြန်မာနိုင်ငံတွင် ပဋိပက္ခ၊ ရေကြီးရေလျှံခြင်းနှင့် ၂၀၂၅ ခုနှစ် မတ်လ၌ လှုပ်ခတ်ခဲ့သည့်ငလျင် အပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကြောင့် ပြည်တွင်း နေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ယမန်နေ့က ထုတ်ပြန်သည်။
– ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားနှစ်စီးဖြင့်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဝ ဦးကို အထောက်အထားမပြည့်စုံသဖြင့် ယမန်နေ့(နိုဝင်ဘာ ၁၇ ရက်) နံနက်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဖူးခက်သတင်းက ဖော်ပြသည်။
– ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပချာအူထစ် အုန်းသီးရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆဖြစ်ကာ ညာဘက်လက်ကောက်ဝတ်ထိဖြတ်လိုက်ရသည့် မြန်မာအလုပ်သမား ၁ ဦး၏ နစ်နာကြေးရရှိရန် နိုဝင်ဘာလ ၁၇ ရက်နေ့၌ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်းကြားပေးခဲ့ကြောင်း Union Friendship Family (UFF)မှ ထုတ်ပြန်သည်။
– မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံခဲ့သည့် မြန်မာနိုင်ငံသား၂၁ ဦးအပါအဝင် နိုင်ငံခြားသား ၃၃၁ ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်အတွင်း မူရင်းနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ ကန်ချနာပူရီခရိုင် ၊ ထုံဖဖူမ်မြို့နယ် ၊ ဖီလော့ခီ မြောက်ဘက်ရှိ သစ်တောတွင် နိုဝင်ဘာလ ၁၅ ရက်၌ တရားမဝင်ရွှေခိုးတူးသူများကို ရှာဖွေ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦးနှင့် ဖီလော့ကီရွာနေ ကရင်လူမျိုး ၁ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
