ဘန်ကောက်တွင် အဆောက်အအုံ ပြိုကျမှု သေဆုံးသူ ၂၃ ဦးရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁ဝ ရက်တွင် သေဆုံးသူ ၂၃ ဦးထိ ရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၁ဝ ရက်နေ့အထိ သေဆုံးသူ ၂၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားသည်။
အဆောက်အအုံအတွင်း ၇၁ ဦးကျန်ရှိနေနိုင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ဦးခန့် ပိတ်မိနေပြီး အလုပ်သမားများနှင့် မိသားစုဝင်များ၏ အခွင့်အရေးများ ရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က ထုတ်ပြန်သည်။
ဌင်း အဆောက်အအုံပြိုကျမှုတွင်ပါဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုဝင်များ အနေဖြင့် လျော်ကြေးရရှိရန် မဖြစ်မနေ အမှုဖွင့်တိုင်ကြားရန် လိုအပ်ကြောင်း WAG Myanmar အဖွဲ့ကပြောကြားသည်။
စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် ဧပြီလ ၉ ရက်နေ့အထိ သေဆုံးသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၈ ဦး၊ ပျောက်ဆုံးသူ (၁၄၅) ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
– Migrant Times
Photo – Fire & Rescue Thailand