September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းတောင်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ် ၊ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေဗျုရို(CIB)က ယနေ့(ဩဂုတ် ၁၈) နံနက်တွင်ထုတ်ပြန်သည်။

CIB အောက်ရှိ ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့အဆိုအရ နိုင်ငံခြားသားများကို တင်ဆောင်လာသည်ဟု ယူဆရသော မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးသည် ဟတ်ယိုင်မြို့နယ်၊ ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ အပန်းဖြေစခန်းအနီးတွင် တရားမဝင် နိုင်ငံခြားသားများအား ကားပြောင်းရန်နှင့် မလေးရှားနိုင်ငံသို့ ဆက်လက်မပို့ဆောင်မီ တောင်ပိုင်းနယ်စပ် ၃ ခရိုင်သို့ ပို့ဆောင်ရန်အတွက် ခဏတာစောင့်ဆိုင်းရန် လူကုန်ကူးဂိုဏ်းများက မကြာခဏ အသုံးပြုလေ့ရှိသည်ဟူသော ဒေသတွင်းသတင်းများနှင့် ကိုက်ညီနေခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့သည် အပန်းဖြေစခန်းအတွင်းသို့ ဆိုင်ကယ်ဖြင့်မောင်းဝင်လာသည့် သံသယရှိသူ ၂ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ အပန်းဖြေစခန်းရှိ အခန်းတစ်ခန်းအတွင်း တည်းခိုနေသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၁ဝ ဦးထံ လာရောက်ခြင်းဖြစ်ကြောင်း၊ ၎င်း အမျိုးသမီး ၁ဝ ဦးအားထပ်မံစစ်ဆေးရာ ၁ ဦးတွင်သာ စာရွက်စာတမ်းအထောက်အထားရှိပြီး ၉ ဦးတွင် ပတ်ပို့စ်နှင့် ခရီးသွားလာရေး စာရွက်စာတမ်းများ မရှိသည်ကိုတွေ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့နောက် မြန်မာနိုင်ငံသား ၁၁ ဦးကို ဟတ်ယိုင်မြို့နယ်၊ အဝေးပြေးလမ်းမရဲစခန်း (၃)၊ စခန်းခွဲ (၇)၊ ရဲတပ်ရင်း (၇)တွင် ဖမ်းဆီးမှုမှတ်တမ်းများ ပြုလုပ်ခဲ့ပြီး ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ဖာတုန်ရပ်ကွက်ရှိ တုံးလုံရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေဗျုရိုး(CIB)ကထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ ညကလည်း ထိုင်းနိုင်ငံ ၊ ပရာချွာခရီခန်းခရိုင် အမ်ဖိုးမှုံမြို့နယ် ခုတ်ဖလုံကျေးရွာ အမှတ် (၉)ရှိ သစ်တောဧရိယာအနီးတွင် မလေးရှားသို့ သွားမည့် တရားမဝင် မြန်မာလုပ်သား ၅၅ ဦးအား အမှတ် ၁၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

Migrant Times ၏သတင်းစုစည်းမှုအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လအတွင်း၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦးထက် မနည်းဖမ်းဆီးခြင်းခံခဲ့ရပြီး ဇူလိူင်လအတွင်းတွင် ၁၅ဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။