မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာ ၆၉ ဦးဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ ဒနောင်းကိုတာ(Danau Kota) ဧရိယာရှိ ၁၉ ထပ်တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)က ယနေ့ နံနက်အစောပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းကဖော်ပြသည်။
၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား (၆၉) ဦး၊ အိန္ဒိယ (၂၅) ဦး၊ ပါကစ္စတန် (၁၄) ဦး၊ အင်ဒိုနီးရှား (၁၂) ဦးနှင့် ဘင်္ဂလားဒေ့ရှ် (၅) ဦးတို့ဖြစ်ပြီး အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၄၄ ဦး ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်သည်။
JIM ကွာလာလမ်ပူ ညွှန်ကြားရေးမှူး ဝမ်မိုဟာမက်က
“နှစ်ပတ်ကြာ ထောက်လှမ်းပြီးနောက် တိုက်ခန်း ၃၈ဝ ပါဝင်တဲ့ တိုက်အဆောက်အအုံတစ်လုံးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူ ၄ဝဝ ပါဝင်တဲ့ တိုက်ခန်း ၆၄ ခန်းကို ပစ်မှတ်ထား စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟုစစ်ဆင်ရေး အပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
ဖမ်းဆီးခံရသူများတွင် တရားဝင် ခရီးသွားလာခွင့်စာရွက်စာတမ်းမရှိသူများ၊ သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်သူများပါဝင်ပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေများဖြင့် စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ထုတ်ပြန်ချက်အရ ဆလန်ဂေါ (Selangor)ပြည်နယ် ၊ ပူချုန်ရှိ အစားအသောက်ဆိုင်တန်းတစ်ခုတွင် မြန်မာနိုင်ငံသား ၄၁ ဦး အပါအဝင် နိုင်ငံခြားသား ၅၅ ဦးကို စက်တင်ဘာလ ၈ ရက်နေ့ကဖမ်းဆီးခဲ့သည်။
အလားတူ မလေးရှားနိုင်ငံတွင် စက်တင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်ယံအချိန်ကလည်း နီဂရီ ဆမ်ဘီလန်ပြည်နယ်၊ နီလိုင်းရှိ တော်ဝင်နန်းအမည်ရ မြန်မာကာရာအိုကေ (KTV) လုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ဆောင်မှုပေးနေသည့်မြန်မာအမျိုးသမီး ၂၁ ဦးအားဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန (JIM)ကထုတ်ပြန်ခဲ့သည်။
Photo – BERNAMA