မဲဆောက်တွင် မြန်မာ၂ ဦးအား လက်နက်မျိုးစုံနှင့်ဖမ်းမိ

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ် Ban Ruam Rang ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်နေထိုင်သည့်မြန်မာနိုင်ငံသား ၂ ဦးအား လက်နက်မျိုးစုံ၊ လက်ပစ်ဗုံး၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ထိုင်း aec news သတင်းက ယနေ့(စက်တင်ဘာ-၁၁) ဖော်ပြသည်။
ထိုင်းစစ်တပ်၊ ရာ့ခ်ျမာနူ တပ်ဖွဲ့၊ နရဲဆွမ်း တပ်ဖွဲ့၊ မဲဆောက်ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းပြီး ထိုနေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့စဉ်ဖမ်းမိခဲ့ကြောင်းသိရသည်။
မဲဆောက်မြို့ခံမြန်မာတစ်ဦကလည်း ယမန်နေ့ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ဆာသူးလေကျောင်းနားရှိရပ်ကွက်အတွင်းဖမ်းမိခြင်းဖြစ်ကြောင်းပြောကြားသည်။
မဲဆောက်မြို့ခံထိုင်းအမျိုးသမီးတစ်ဦးကလည်း
“ဒီသတင်းကို ကြားတယ့်အခါမှာတော့ ဒါဟာအမှန်တကယ်ဆိုရင်တော့ အန္တရာယ်ရှိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အဲ့ဒီအရာတွေကို သူတို့တွေ ဘယ်နေရာမှာ သွားအသုံးပြုမလဲဆိုတာကို မသိပေမယ့် ဘာဘဲဖြစ်ဖြစ် အန္တရာယ်ရှိတယ်လေ။ အခုလိုဖမ်းဆီးလို့ရသွားတာဟာလဲ ကောင်းပါတယ်။ ဌာနဆိုင်ရာတွေကိုလည်း ဥပဒေအရ အမြဲစစ်ဆေးပေးစေခြင်ပါတယ်” ဟု Migrant Times ကိုပြောသည်။
Ban Ruam Rang ရပ်ကွက်နေအိမ်အတွင်းတွင် မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားနှင့် အထောက်အထားစာရွက်စာတမ်း မရှိသူ အသက် ၄၀ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တို့ကို တွေ့ရှိခဲ့ပြီး ၎င်းထံတွင် လက်ပစ်ဗုံး ၁ လုံး ၊ ပစ္စတိုသေနတ် ၁ လက် ၊ပြုပြင်ထားသော ရိုင်ဖယ်သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၁ လက် ၊ သေနတ်ကျည်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသတင်းကဖော်ပြသည်။
ဥပဒေနှင့်ဆန့်ကျင်သော ပစ္စည်းအများအပြားတွေ့ရှိခဲ့သည့်အတွက် မြန်မာ ၂ ဦးကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ရဲစခန်းထံ အရေးယူနိုင်ရန်အတွက် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Photo – aecasean news